အင်ဒိုနိုင်ငံခြားရေးဝန်ကြီး မာဆူဒီ မြန်မာနိုင်ငံလာရောက်မည့်အစီအစဉ် ပျက်ပြယ်

အင်ဒိုနိုင်ငံခြားရေးဝန်ကြီး မာဆူဒီ မြန်မာနိုင်ငံလာရောက်မည့်အစီအစဉ် ပျက်ပြယ်
Photo: EPA

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီ၏ မြန်မာနိုင်ငံကို ကြာသပတေးနေ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် လာရောက်လည်ပတ်မည့်အစီအစဉ်ကို ဖျက်သိမ်းလိုက်သည်ဟု ရိုက်တာသတင်းဌာန၏အရှေ့တောင်အာရှအယ်ဒီတာ မက်သရူး တော်စတက်ဗင်က သူ၏တွစ်တာတွင် ယနေ့နံနက်က ရေးသားထားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရသူများကိုဖယ်ရှားကာ အာဏာသိမ်းခဲ့သော စစ်ကောင်စီကို အသိအမှတ်ပြုရာကျသွားစေနိုင်သည်ဆိုသော စိုးရိမ်ချက်များရှိနေခဲ့ခြင်းကြောင့် ခရီးစဉ်ဖျက်သိမ်းလိုက်ရခြင်းဖြစ်သည်ဟုလည်း ပါရှိသည်။ 

မစ္စရတ်နိုသည် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြန်လည် ကျင်းပမည်ဆိုသော  ရွေးကောက်ပွဲတွင် " တရားမျှတ၍ အားလုံးပါဝင်မှု" သေချာ လုပ်ဆောင်စေရန် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)၏ စောင့်ကြည့်လေ့လာသူများစေလွှတ်ဖို့ အာဆီယံအထူးအစည်းအဝေးတစ်ရပ် ခေါ်ယူရန် စည်းရုံးလျှက်ရှိသည်ဟု ပေါက်ကြားလာသော စာရွက်စာတမ်းအထောက်အထားများကို အခြေပြုကာ ရိုက်တာက အင်္ဂါနေ့တွင် သတင်းဦးအဖြစ် တင်ပြခဲ့သည်။

သို့သော်လည်း အဆိုပါသတင်းက မြန်မာနိုင်ငံက စစ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများကို ဒေါသထွက်သွားစေပြီး ရန်ကုန်မြို့ရှိ အင်ဒိုနီးရှားသံရုံးရှေ့တွင် ဆန္ဒပြမှုများပေါ်ပေါက်လာခဲ့သည်။ 

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးခရီးစဉ်ပျက်ပြယ်သွားခြင်းက နေပြည်တော်တွင် ဖေဖော်ဝါရီ ၁ ရက်နေ့ အာရုံဦးအာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံရပ်ခြားခေါင်းဆောင်ဟူ၍ ပေါ်ထွက်လာမည့်အခြေအနေ မရှိသေးခြင်းကို ထင်ဟပ်စေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly