ကားမတော်တဆမှုဖြစ်ပြီး တိုက်ဂါးဝုဒ် ခွဲစိတ်ကုသမှု ခံယူနေရ

ကားမတော်တဆမှုဖြစ်ပြီး တိုက်ဂါးဝုဒ် ခွဲစိတ်ကုသမှု ခံယူနေရ
Photo: EPA

ဖေဖေါ်၀ါရီ ၂၄

အမေရိကန် နာမည်ကျော် ဂေါက်သီးအားကစားသမား တိုက်ဂါးဝုဒ်ဟာ ဖေဖေါ်၀ါရီ ၂၃ ရက်က လော့စ်အိန်ဂျလိစ်အနီး ကားမတော်တဆမှု ဖြစ်ပြီး ခြေထောက်နှစ်ဖက်စလုံးမှာ ဒဏ်ရာအပြင်းအထန် ရခဲ့ပါတယ်။

မတော်တဆမှုဖြစ်စဉ်မှာ တိုက်ဂါးဝုဒ်ရဲ့ ကားဟာ လမ်းပေါ်ကနေ ဘေးကို ထိုးဆင်းလိမ့်ကျခဲ့တာဖြစ်ပြီး ၎င်းဟာ ဒီဖြစ်စဥ်မှာ အသက်ဘေးကနေ လွတ်မြောက်နိုင်ခဲ့တာဟာ “အတော့်ကို ကံကောင်းခဲ့တယ်” လို့ ၎င်းကို တွေ့ရှိခဲ့တဲ့ တာ၀န်ရှိသူတွေက ပြောပါတယ်။

မနက်ခင်း အစောပိုင်းမှာ ဖြစ်ခဲ့တဲ့ မတော်တဆမှုမှာ ဝုဒ်ဟာ မူးယစ်ဆေး သုံးထားတဲ့ ဒါမှမဟုတ် အရက်မူးနေတဲ့ လက္ခဏာရပ်တွေ မရှိခဲ့သလို ၎င်းဟာ ယာဉ်မတော်တဆမှုဖြစ်ပြီးနောက် ဆေးရုံတက် ခွဲစိတ်ကုသမှုခံယူနေရတယ်လို့ လော့စ်အိန်ဂျလိစ် ကောင်တီ ဥပဒေစိုးမိုးရေး အရာရှိ အဲလက်ဇ် ဗီလန်နူဗာက ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေအတွင်း အရှိန်နှုန်းမြင့် ယာဥ်မတော်တဆမှုတွေ ဖြစ်လေ့ရှိတဲ့ မတ်စောက်တဲ့ လမ်းအပိုင်းလို့ သိကြတဲ့ နေရာတစ်ခုမှာ ဖြစ်ခဲ့တဲ့ ဒီမတော်တဆမှုမှာ အခြားကားတွေ ဒါမှမဟုတ် ခရီးသည်တွေ ပါ၀င်ပတ်သတ်ခဲ့မှု မရှိဘူးလို့လည်း သိရပါတယ်။

“မစ္စတာ ဝုဒ်ဟာ ဒီဖြစ်စဉ်မှာ အသက်ရှင်လျက် ရှိနေနိုင်ခဲ့တာက အင်မတန် ကံကောင်းလွန်းခဲ့တယ်လို့ ကျွန်တော် ပြောပါရစေ”လို့ အခင်းဖြစ်နေရာကို ပထမဆုံး ရောက်ခဲ့တဲ့ ဥပဒေစိုးမိုးရေးဆိုင်ရာ လက်ထောက်အရာရှိ ကားလို့စ် ဂွန်ဇာလက်ဇ်က ပြောခဲ့ပါတယ်။

ဂွန်ဇာလက်ဇ်ဟာ ဝုဒ်ကို သူ့ကားထဲမှာ ပိတ်မိပြီး ညပ်နေတာကို တွေ့ခဲ့ရပြီး အဲဒီအချိန်မှာ ဝုဒ်ဟာ သတိမလွတ်ဘဲ တည်တည်ငြိမ်ငြိမ် ရှိနေခဲ့တယ်လို့ သိရပါတယ်။

“ကျွန်တော် သိရသလောက်ကတော့ သူဟာ ခြေထောက်နှစ်ဖက်စလုံးမှာ ဒဏ်ရာအပြင်းအထန် ရသွားခဲ့ပါတယ်” လို့လည်း လော့စ် အိန်ဂျလိစ် ကောင်တီ မီးသတ်ဌာန အကြီးအကဲ ဒါးလ် အော့စ်ဘီက ပြောပါတယ်။

မီးသတ်သမားတွေနဲ့ ဆေးဘက်အကူ၀န်ထမ်းတွေဟာ ဝုဒ်ကို ၎င်းရဲ့ SUV ကားထဲကနေ ဆွဲထုတ်ပေးခဲ့ရပြီး အနီးအနား ဆေးရုံတစ်ခုကို ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly