ထိုင်းရဲတပ်ဖွဲ့ရဲ့ လာဘ်ပေးလာဘ်ယူအရှုပ်တော်ပုံကို အစိုးရဆန့်ကျင်သူတွေ ဆန္ဒပြ 

ထိုင်းရဲတပ်ဖွဲ့ရဲ့ လာဘ်ပေးလာဘ်ယူအရှုပ်တော်ပုံကို အစိုးရဆန့်ကျင်သူတွေ ဆန္ဒပြ 
Photo: EPA

ဖေဖော်ဝါရီ ၂၄  

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အစိုးရဆန့်ကျင်သူတွေဟာ ထိုင်းရဲတပ်ဖွဲ့အတွင်းက လာဘ်ပေးလာဘ်ယူအရှုပ်တော်ပုံတွေအပေါ်  ဆန္ဒပြတဲ့အနေနဲ့ ဖေဖော်ဝါရီ ၂၃ ရက်က ထိုင်းရဲဌာနချုပ်ဆီ စုဝေးချီတက်ခဲ့ကြပါတယ်။  

မကြာသေးမီက ထိုင်းလွှတ်တော်မှာ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနဲ့အစိုးရအဖွဲ့ကို အယုံအကြည်မရှိအဆိုတင်သွင်းတဲ့ အချေအတင်ဆွေးနွေးပွဲအတွင်းမှာ  အတိုက်အခံအမတ်တစ်ဦးက ထိုင်းရဲတွေရဲ့ လာဘ်ပေးလာယ်ယူအရှုပ်တော်ပုံအကြောင်းကို ဖွင့်ဟခဲ့တာဖြစ်ပါတယ်။ 

ရာထူးအဆင့်တွေကို ကျော်လွှားပြီး ရဲတပ်ဖွဲ့အတွင်းမှာ အဆင့်မြင့်မြင့်ရာထူးရချင်တဲ့ အဆက်အသွယ်ကောင်းကောင်းရှိတဲ့ ရဲအရာရှိတွေဟာ elephant tickets လို့တင်စားခေါ်ဝေါ်ကြတဲ့ အခွင့်ထူးခံလက်မှတ်တွေပိုင်ဆိုင်ဖို့ လိုပါတယ်။  

အဲဒီလိုအခွင့်ထူးခံလက်မှတ်ကို သင့်တော်တဲ့ငွေပမာဏ နဲ့ ပရာယွတ်နဲ့ သူ့အပေါင်းအပါတွေရဲ့ အတည်ပြုချက်နဲ့သာ ရနိုင်တယ်လို့ ဆိုပါတယ်။  

ဝန်ကြီးချုပ် ပရာယွတ်ကို အားနည်းချက်ရှိသူအဖြစ် ဖြစ်တွေ့ရစေမယ့် ဖွဲ့စည်းပုံဆိုင်ရာအခြေခံဥပဒေ ပြင်ဆင်ချက်တွေကို အဆိုပြုခြင်းအားဖြင့် ပရာယွတ်ကို ဖြုတ်ချဖို့ ကြိုးပမ်းအားထုတ်ပြီးတဲ့နောက်မှာတော့ elephant ticket အရှုပ်တော်ပုံဟာ ထိုင်းအစိုးရကို တိုက်ခိုက်ဖို့နဲ့ ပါလီမန်ကို ဖျက်သိမ်းဖို့  ဆန္ဒပြသူတွေရဲ့ စွဲကိုင်ရာ အဆိုသစ်တစ်ခုဖြစ်လာခဲ့ပါတယ်။ 

ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ Siaopob က “အတိတ်ကနေ အခုအချိန်ထိ မပြီးဆုံးနိုင်တဲ့ အကျင့်ပျက်ခြစားမှုတွေ ရှိနေသေးတာကြောင့် ထိုင်းဗျူရိုကရေစီစနစ်အတွင်းမှာ elephant ticket လိုမျိုး အခွင့်ထူးခံကိစ္စတစ်ရပ်ရပ် ရှိနေတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်” လို့ဆိုပါတယ်။  

Jirapong ဆိုတဲ့ ဆန္ဒပြသူတစ်ဦးက “တချို့လူတွေကတော့ ဒီအရှုပ်တော်ပုံဟာ မှန်တယ် ဒါမှမဟုတ် မမှန်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် ပြည်သူတွေအနေနဲ့ သူတို့ဆောင်ထားတဲ့ အခွန်ငွေတွေကို ဗျူရိုကရက်အရာရှိတွေက ဘယ်လိုမျိုး ပွင့်လင်းမြင်သာစွာနဲ့ စီမံဆောင်ရွက်နေလဲ။ ဘယ်လိုအသုံးပြုလိုက်ကြလဲ ဆိုတာတော့ သိခွင့်ရှိပါတယ်” လို့ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required