ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၅၀၀၀၀၀ ကျော်၍ ဝမ်းနည်းတဲ့ အထိမ်းအမှတ်အဖြစ် အမေရိကန်မှာ အလံတစ်ဝက်လွှင့်ထူ 

 ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၅၀၀၀၀၀ ကျော်၍ ဝမ်းနည်းတဲ့ အထိမ်းအမှတ်အဖြစ် အမေရိကန်မှာ အလံတစ်ဝက်လွှင့်ထူ 
Photo: EPA

အမေရိကန်နိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူဦးရေဟာ စိတ်မကောင်းဝမ်းနည်းဖွယ်ရာအဖြစ် ငါးသိန်းကျော်ခဲ့တဲ့နောက်မှာ သမ္မတ ဂျိုးဘိုင်ဒင်က ဝမ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ် အလံတစ်ဝက်လွှင့်ထူဖို့ အမိန့်ထုတ်လိုက်ပါတယ်။ 

“ဒါဟာ ဘယ်လိုဖြစ်ရပ်မျိုးဆိုတာ ကျွန်တော် သိပါတယ်”လို့ မိသားစုဝင်တွေ ဆုံးရှုံးရတဲ့ အဖြစ်ဆိုးကို ရည်ညွှန်းပြီး စိတ်မကောင်းဖြစ်နေတဲ့ ဂျိုးဘိုင်ဒင်က ရုပ်သံကနေ နိုင်ငံတော်မိန့်ခွန်း ပြောပါတယ်။ 

“အမေရိကန် ပြည်သူတွေအားလုံးကို ကျွန်တော် ပြောချင်ပါတယ်၊ တိမ်းပါးသွားတဲ့သူတွေ၊ မိသားစုကို ခွဲရစ်ခဲ့တဲ့သူတွေကို သတိရပေးကြပါ”ဆိုပြီး ဂျိုးဘိုင်ဒင်က ပြောပါတယ်။  

“ဒါအပြင် ကျွန်တော်တို့ဟာ သတိမပြတ်နိုးကြားနေဖို့၊ လူခွာနေတာကို လိုက်နာဖို့၊ နှာခေါင်းစည်း တပ်ဆင်ဖို့နဲ့ ကာကွယ်ဆေးထိုးဖို့ကိုလည်း တိုက်တွန်းပြောဆိုနေမှာ ဖြစ်ပါတယ်”လို့ သူက ဆိုပါတယ်။ 

အမေရိကန်ဟာ ကမ္ဘာမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးနှုန်းအမြင့်မားဆုံးဖြစ်ပြီး သမ္မတ ဂျိုးဘိုင်ဒင်နဲ့အတူ ဇနီးဖြစ်သူ ဂျေးနဲ့ ဒုတိယသမ္မတ ကမ်မာလာဟာရစ်နဲ့ ခင်ပွန်းသည် အမ်ဟို့ဖ်တို့ဟာ သေဆုံးသူတွေကို ကိုယ်စားပြုတဲ့ အိမ်ဖြူတော်ရှေ့မှာ ထွန်းညှိထားတဲ့ ဖယောင်းတိုင် အတိုင် ၅၀၀ ရှေ့မှာ ခဏတာ အသံတိတ်ဆိတ် ရပ်နေခဲ့ပြီး ဝမ်းနည်းကြောင်း အထိမ်းအမှတ်ပြခဲ့ပါတယ်။ 

အစောပိုင်းမှာလည်း အိမ်ဖြူတော်အပြင် နိုင်ငံတစ်လွှားက အစိုးရအဆောက်အအုံတွေနဲ့ ကမ္ဘာအနှံ့က အမေရိကန်သံရုံးတွေမှာ အလံတစ်ဝက်လွှင့်ထူပြီး ဝမ်းနည်းမှုအထိမ်းအမှတ် ပြုခဲ့ပါတယ်။ 

“နိုင်ငံတစ်နိုင်ငံအနေနဲ့ ဒီ အခြေအနေကို ဆက်ပြီး အဖြစ်မခံနိုင်သလို အဖြစ်ခံမှာလည်း မဟုတ်ဘူး”လို့ ဂျုးဘိုင်ဒင်က ပြောရင်း ပြည်သူတွေကိုလည်း “အမေရိကန်ဆိုတဲ့ တစ်စုတစ်စည်းတည်းသော ပြည်သူတွေအဖြစ် ကျွန်တော်တို့ ကိုဗစ်-၁၉ ကို တိုက်ထုတ်သွားကြမယ်”ဆိုပြီး ပြောဆိုတိုက်တွန်းခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly