ဆန္ဒပြသူများကို မြန်မာစစ်တပ်က တိုက်ခိုက်မှုအပေါ် G7 နိုင်ငံများက အပြင်းအထန်ရှုတ်ချကြောင်း ထုတ်ပြန်

 ဆန္ဒပြသူများကို မြန်မာစစ်တပ်က တိုက်ခိုက်မှုအပေါ် G7 နိုင်ငံများက အပြင်းအထန်ရှုတ်ချကြောင်း ထုတ်ပြန်
Photo: EPA

ဖေဖော်ဝါရီ ၂၃  

G7 နိုင်ငံများက မြန်မာ့လုံခြုံရေးတပ်ဖွဲ့များ၏ ဆန္ဒပြသူများအပေါ် ကျူးလွန်ခဲ့သော အကြမ်းဖက်မှုများကို အပြင်းအထန်ရှုတ်ချကြောင်း အင်္ဂါနေ့တွင် ပြောဆိုလိုက်ပြီး လူ့အခွင့်အရေးနှင့် နိုင်ငံတကာဥပဒေကို လေးစားရန်နှင့် အတတ်နိုင်ဆုံး ထိန်းချုပ်လုပ်ဆောင်ရန် တိုက်တွန်းလိုက်သည်။

ဥရောပသမဂ္ဂ၏ အမြင့်ဆုံးကိုယ်စားလှယ်များအပါအဝင် ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံ စသည့် ကြွယ်ဝချမ်းသာသောနိုင်ငံတို့ဖြင့် ဖွဲ့စည်းထားသော G7 သည် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုနှင့် ၎င်းအာဏာသိမ်းမှုကိုဆန့်ကျင်သော ဆန္ဒထုတ်ဖော်မှုများအပေါ်  ဆန့်ကျင်ကြောင်း ၎င်းတို့ သဘောထားများကို ထပ်တလဲလဲ ထုတ်ဖော်ပြောဆိုပြီးဖြစ်သည်။

"လက်နက်မဲ့ပြည်သူတွေပေါ်  ကျည်ဆန်အစစ်ပါတဲ့ လက်နက်တွေသုံးတာကို လက်မခံနိုင်ပါဘူး။ ငြိမ်းချမ်းစွာဆန္ဒပြနေတာကို အကြမ်းဖက်မှုနဲ့တုံ့ပြန်တဲ့ ဘယ်သူမဆို တာဝန်ယူမှုရှိရပါမယ်။ အာဏာသိမ်းမှုဆန့်ကျင်နေသူတွေကို ခြိမ်းခြောက်တာ ဖိအားပေးတာတွေကိုလည်း ရှုတ်ချပါတယ်။ အင်တာနက်ဖြတ်တောက်မှုနဲ့ လွတ်လပ်စွာပြောဆိုမှုကိုဖိနှိပ်စေတဲ့ ဥပဒေဆိုင်ရာ ပြင်းထန်တဲ့အပြောင်းအလဲတွေအပါအဝင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုကို နှိမ်နင်းတာကိုလည်း ကျွန်တော်တို့တွေ စိုးရိမ်မှုမြင့်တက်နေပါတယ်" ဟု G7 နိုင်ငံခြားရေးဝန်ကြီးများ၏ ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

ဆန္ဒပြသူများ၊ ဆရာဝန်များ၊ လူထုအခြေပြုအဖွဲ့အစည်းများနှင့် သတင်းထောက်များကို စနစ်တကျပစ်မှတ်ထားလုပ်ဆောင်ခြင်းများ အဆုံးသတ်ရန်နှင့် ကြေညာထားသောအရေးအပေါ်အခြေအနေကို စစ်တပ်မှ ပြန်ရုပ်သိမ်းရန် G7 က တောင်းဆိုလိုက်သည်။

ထို့ပြင် G7 က အထိခိုက်အလွယ်ဆုံးသူများကိုလည်း အထောက်အပံ့ပြုနိုင်ရေးအတွက် လူသားချင်းစာနာမှုဆိုင်ရာ အခွင့်အလမ်းကိုလည်း ခွင့်ပြုရန် မြန်မာစစ်တပ်အား တိုက်တွန်းလိုက်သည်။

" မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို G7 အနေနဲ့ တစ်ညီတစ်ညွတ်တည်း ရှုတ်ချပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်အပါအဝင် ထင်ရာမြင်ရာဖမ်းဆီးထိန်းသိမ်းထားသူများကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ဖို့ ထပ်မံတောင်းဆိုလိုက်ပါတယ်။ ဒီမိုကရေစီနဲ့လွတ်လပ်မှုအတွက် တောင်းဆိုနေတဲ့ မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်ပါတယ်" ဟု G7 ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဏာသိမ်းမှုဆန့်ကျင်သော အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကြီးအပေါ်  တဖြည်းဖြည်း အင်အားအသုံးပြုနှိမ်နင်းမှုပြုလာပြီးနောက် မြန်မာစစ်တပ်သည် ပြည်တွင်းပြည်ပ ဖိအားအသစ်များနှင့် ရင်ဆိုင်ရလျက်ရှိသည်။  

အမေရိကန်၊ အီးယူနှင့် ယူကေတို့က စစ်ခေါင်းဆောင်များအပေါ် အရေးယူဒဏ်ခတ်မှုများ ပိုမိုတင်းကျပ်လာစဉ် အာဏာသိမ်းမှုဆန့်ကျင်သော ဆန္ဒဖော်ထုတ်မှုများသည် ပြန်လည်အကြမ်းဖက်တုံ့ပြန်မှုများခံရမှုနှင့်အတူ ဆက်လက်မြင့်မားလာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly