ဒီမိုကရေစီကာကွယ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဦးခင်မောင်ဇော် ဦးလည်မသုန်ကြိုးပမ်း 

ဒီမိုကရေစီကာကွယ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဦးခင်မောင်ဇော် ဦးလည်မသုန်ကြိုးပမ်း 
Photo: AFP

ဖေဖော်ဝါရီ ၂၃  

တရားလွှတ်တော်ရှေ့နေကြီး ဦးခင်မောင်ဇော်က "မြန်မာနိုင်ငံဟာ အခုအချိန်မှာ သမိုင်းအရအရေးကြီးတဲ့အခြေအနေကို ရောက်နေပါတယ်။ ကျွန်တော်တို့ ရှုံးသွားရင် နှစ်ပေါင်း ၄၀/၅၀ လောက် စစ်ကျွန်တွေဖြစ်သွားလိမ့်မယ်။ ကျွန်တော်တို့ ဒီတိုက်ပွဲကို နိုင်မှဖြစ်ပါမယ်" လို့ AFP နဲ့ ဖုန်းဖြင့်ဆက်သွယ်ပြောဆိုမှုအတွင်းမှာ ပြောကြားခဲ့ပါတယ်။ 

အဲဒီအရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးတင်စစ်ဆေးမှုကလည်း အဆုံးအဖြတ်ပေးလိမ့်မယ်လို့ နေပြည်တော်ရှိ အသက် ၇၃ နှစ်အရွယ်ရှိ ဦးခင်မောင်ဇော်က ပြောပါတယ်။  

တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ဟာ ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲခံထားရတဲ့ အမှု နှစ်ခုအတွက် ချေပကာကွယ်ပေးမယ့်သူ ဖြစ်ပါတယ်။ 

စစ်ကောင်စီက တစ်နှစ်အကြာမှာ ရွေးကောက်ပွဲပြန်ကျင်းပမယ်လို့ ကတိကဝတ်ပြုထားပေမယ့် အခုအချိန်မှာတော့ တရားရုံးတွေအပါအဝင် တိုင်းပြည်ရဲ့ နိုင်ငံရေးဆိုင်ရာအဖွဲ့အစည်းတွေအားလုံးအပေါ် အာဏာလွှမ်းမိုးထားတာဖြစ်ပါတယ်။ 

စစ်ကောင်စီဟာ နိုင်ငံရဲ့ထိပ်ပိုင်းတရားရုံးတွေက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးနိုင်ဖွယ်ရှိသူတွေကို ဖယ်ရှားရှင်းလင်းခဲ့ပြီး ဦးခင်မောင်ဇော်ရဲ့လျှောက်လဲချက်ဟာလည်း အခက်အခဲတွေ မမျှတမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။  

ဦးခင်မောင်ဇော်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ရဖို့  အကြိမ်ပေါင်းများစွာ တောင်းဆိုခဲ့ပေမယ့် မတ်လ ၁ ရက် ကြားနာစစ်ဆေးမှုမတိုင်ခင်အထိ တွေ့ခွင့်ရမှာ မဟုတ်ဘူးလို့ သိရပါတယ်။ 

"ကြားနာစစ်ဆေးမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်မရရင်  ရုံးတင်စစ်ဆေးမှုက တရားမမျှတဘူးဆိုတာ ကျွန်တော် တစ်ကမ္ဘာလုံးကို အသိပေးမှာပါ" လို့ ဦးခင်မောင်ဇော်က ပြောပါတယ်။ 

ဆွေမျိုးတွေပါ သွယ်ဝိုက်တဲ့နည်းနဲ့ဖိအားပေးခံနေရတဲ့ ဦးခင်မောင်ဇော်ဟာ သူရဲ့ တစ်ကိုယ်ရေလုံခြုံရေးအတွက်လည်း တိုးမြှင့်လုပ်ဆောင်နေရပါတယ်။  

"ညဆိုရင် ကျွန်တော့်အိမ်မှာ နေလို့မဖြစ်ဘူး။ တခြားသူတွေရဲ့အိမ်မှာ သွားနေရပါတယ်" လို့ ဦးခင်မောင်ဇော်က AFP ကို ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly