မြန်မာပြည်သူများ၏ ဆန္ဒကို လေးစားရလိမ့်မည်ဟု အင်ဒိုနီးရှား နိုင်ငံခြားရေး၀န်ကြီး ပြော

မြန်မာပြည်သူများ၏ ဆန္ဒကို လေးစားရလိမ့်မည်ဟု အင်ဒိုနီးရှား နိုင်ငံခြားရေး၀န်ကြီး ပြော
Photo: EPA

ဖေဖေါ်၀ါရီ ၂၃

ယခုလ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုသည် ပြည်သူလူထု၏ သဘောဆန္ဒအတိုင်း လိုက်နာသင့်သည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေး၀န်ကြီး ရက်တို မာဆူဒီက ဖေဖေါ်၀ါရီ ၂၃ ရက်တွင် ပြောကြားလိုက်သည်။

အာဏာသိမ်းစစ်အုပ်စုက ကတိပေးထားသည့် လွတ်လပ်သော ရွေးကောက်ပွဲများ ကျင်းပနိုင်ရေး လေ့လာစောင့်ကြည့်သူများ စေလွှတ်ရန် အာဆီယံအဖွဲ့အတွက် အစီအစဥ်တစ်ခုကို အင်ဒိုနီးရှားနိုင်ငံဘက်က တွန်းအားပေးလုပ်ဆောင်နေသည် ဆိုသည့် ရိုက်တာ သတင်းတစ်ပုဒ်အပေါ် မြန်မာအာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြသူများ ‌ဒေါသထွက်ခဲ့ကြပြီးနောက် အင်ဒိုနီးရှား နိုင်ငံခြားရေး၀န်ကြီး၏ မှတ်ချက်စကား ထွက်ပေါ်လာခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသူများသည် ရွေးကောက်ခံ အစိုးရထံ ချက်ချင်း အာဏာပြန်လွှဲရေး လိုလားနေကြသည်။ မြန်မာနိုင်ငံရှိ အင်ဒိုနီးရှား သံရုံး၌ ဆန္ဒပြမှုများလုပ်ဆောင်ရေး အချို့က ဆိုရှယ်မီဒီယာတွင် တောင်းဆိုခဲ့ကြသည်။

“ပြည့်စုံ ကျယ်ပြန့်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဟာ မြန်မာပြည်သူတွေရဲ့ သဘောဆန္ဒတွေနဲ့အညီပဲ ဆက်လက်လုပ်ဆောင်သင့်တယ်၊ ဒါကပဲ ရည်မှန်းချက် ပြည့်စေမယ့် နည်းလမ်းဖြစ်တယ်” ဟု ရက်တိုက ရိုက်တာသို့ ပေးပို့သည့် မှတ်ချက်စကားတွင် ပြောခဲ့သည်။

“အင်ဒိုနီးရှားအနေနဲ့ မြန်မာနိုင်ငံက အခြေအနေနဲ့ပတ်သက်လို့ အင်မတန် စိုးရိမ်ပူပန်လျက် ရှိပါတယ်၊ မြန်မာပြည်သူတွေကို ထောက်ခံအားပေးပါတယ်၊ မြန်မာပြည်သူလူထုရဲ့ ကောင်းကျိုးသုခနဲ့ ဘေးကင်းလုံခြုံရေးက နံပါတ်တစ် ဦးစားပေးဖြစ်တယ်” ဟု ရက်တိုက ပြောခဲ့သည်။

ထို့ပြင် သွေးထွက်သံယိုမှုများ ရှောင်လွဲနိုင်ရန်အတွက် သက်ဆိုင်သူ အားလုံးအနေဖြင့် အစွမ်းကုန် ထိန်းချုပ်သည်းခံမှု ရှိကြရေး သူမက တိုက်တွန်းတောင်းဆိုခဲ့သည်။

နို၀င်ဘာ ၈ ရက် ရွေးကောက်ပွဲရလဒ် လေးစားအသိအမှတ်ပြုခံရရေး ဆန္ဒရှိခဲ့သလား ဆိုသည်နှင့်ပတ်သက်၍ အင်ဒိုနီးရှား နိုင်ငံခြားရေး၀န်ကြီးဌာနက မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။ သို့သော် အင်ဒိုနီးရှားသမ္မတ ဂျိုကို၀ီဒိုဒိုသည် ဒေါ်အောင်ဆန်းစုကြည်ကို သူမ၏ အောင်ပွဲအတွက် ထိုစဥ်အချိန်က ၀မ်း‌မြောက်ကြောင်း ပြောခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မှတ်ချက်ပြုခဲ့သည်။

အာဏာသိမ်းစစ်အုပ်စုနှင့် ဆန္ဒပြသူများအကြား ဖျန်ဖြေရေး အာဆီယံကို တောင်းဆိုသည့် အစီအစဥ်နှင့်ပတ်သက်သည့် ရိုက်တာ သတင်းနှင့်ပတ်သက်ပြီးလည်း အင်ဒိုနီးရှား နိုင်ငံခြားရေး၀န်ကြီးဌာနက မှတ်ချက်ပေးခဲ့ခြင်း မရှိပေ။

သို့သော် အင်ဒိုနီးရှား နိုင်ငံခြားရေး၀န်ကြီးဟောင်းတစ်ဦးက အာဆီယံ အစီအစဥ်ကို အရေးမကြီးသည့် သဘော ပြောခဲ့သည်။

ရွေးကောက်ပွဲ ကျင်းပပေးမည်ဆိုသော စစ်အာဏာသိမ်းအုပ်စု၏ အိုင်ဒီယာသည် ရယ်ဖွယ်ကောင်းကြောင်းနှင့် ယင်းက လုံးလုံးလျားလျား အောင်မြင်စရာလမ်း မရှိသည့် ကိစ္စဟု ရက်တို၏ အလျင်လူ မာတီ နာတဲလီဂါ၀ါက စီအင်န်အင်န်ကို ပြောခဲ့သည်။

“မြန်မာပြည်သူလူထုက ဒီမိုကရေစီနည်းလမ်းတကျ ထုတ်ဖော်ပေးထားပြီးသားဖြစ်တဲ့ သဘောဆန္ဒကို လေးစားအသိအမှတ်ပြုရလိမ့်မယ်၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည် ရရှိကျင့်သုံးရေးအတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းက လုပ်ဆောင်သွားရပါလိမ့်မယ်” ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly