မြန်မာရွှေ့ပြောင်းများကို နေရပ်ပြန့်ပို့မည့်အစီအစဉ် ရပ်ဆိုင်းထားရန် မလေးရှားတရားရုံး ညွှန်ကြား

မြန်မာရွှေ့ပြောင်းများကို နေရပ်ပြန့်ပို့မည့်အစီအစဉ် ရပ်ဆိုင်းထားရန် မလေးရှားတရားရုံး ညွှန်ကြား
Photo: AFP

ဖေဖေါ်၀ါရီ ၂၃

အထိန်းသိမ်းခံ မြန်မာရွှေ့ပြောင်း ၁,၂၀၀ ကို နေရပ်ပြန့်ပို့မည့် မလေးရှားအစိုးရ၏ အငြင်းပွားဖွယ်ရာ အစီအစဉ်တစ်ခုကို ယာယီရပ်ဆိုင်းထားရန် မလေးရှားတရားရုံးတစ်ခုက ဖေဖေါ်၀ါရီ ၂၃ ရက်တွင် ညွှန်ကြားလိုက်သည်။

မလေးရှားအာဏာပိုင်တို့သည့် အာဏာသိမ်းမှု ဖြစ်ထားသည့် မြန်မာနိုင်ငံသို့ မြန်မာရွှေ့ပြောင်း ၁,၂၀၀ ခန့်ကို ပြန်လည်ပို့ဆောင်ရန် စီစဥ်နေခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ဥပဒေကြောင်းအရ စိန်ခေါ်ကန့်ကွက်မှုတစ်ခု ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း ထိုအစီအစဥ်ကို ဆိုင်းထားရန် တရားရုံးက ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

ခုခံနိုင်စွမ်း အားနည်းသော လူနည်းစုအဖွဲ့၀င်များအပါအ၀င် ရွှေ့ပြောင်းများကို အသင့်စောင့်ဆိုင်းနေသည့် မြန်မာရေတပ်သင်္ဘောများပေါ် တင်ပေးရန်အတွက် မလေးရှား အနောက်ပိုင်း ကမ်းခြေရှိ စစ်အခြေစိုက်စခန်းတစ်ခုသို့ ဘတ်စ်ကားများ၊ ထရပ်ကားများဖြင့် ခေါ်ဆောင်ထားခဲ့ပြီး ဖြစ်သည်။

ကုလသမဂ္ဂနှင့် အမေရိကန်နိုင်ငံတို့က မလေးရှားနိုင်ငံ၏ ထိုအစီအစဥ်အပေါ် ‌ဝေဖန်ထားခဲ့ပြီး နေရပ်ပြန်ပို့ခံရမည့်သူများထဲတွင် နိုင်ငံရေးခိုလှုံခွင့် တောင်းသူများ ပါ၀င်နေခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြောခဲ့သည်။

လူ့အခွင့်အရေးအဖွဲ့များဖြစ်သည့် Amnesty International နှင့် Asylum Access တို့သည် ထိုကိစ္စအတွက် တရားရုံးကနေ စောဒကတက် ကန့်ကွက်မှုလုပ်ခဲ့ပြီး မလေးရှားသည် ခုခံနိုင်စွမ်း အားနည်းသူများကို အန္တရာယ် ကျရောက်နိုင်သည့် နိုင်ငံတစ်နိုင်ငံသို့ ပြန်ပို့ခြင်းအားဖြင့် ယင်း၏ နိုင်ငံတကာတာ၀န်၀တ္တရားများကို ချိုးဖောက်ရာ ရောက်လိမ့်မည်ဟု ပြောထားခဲ့ကြသည်။

နေရပ်ပြန်ပို့မှုများကို တားဆီးရန် လူ့အခွင့်အရေးအုပ်စုများ၏ အားထုတ်မှုနှင့်ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့တွင် ကြားနားမှုတစ်ခု လုပ်နိုင်ရန် နေရပ်ပြန်ပို့မှုကို ရပ်ဆိုင်းထားရေး ကွာလာလမ်ပူ တရားရုံးချုပ်က ညွှန်ကြားခဲ့သည်ဟု ၎င်းတို့၏ ရှေ့နေ နယူဆင်ယူးက အေအက်ဖ်ပီကို ပြောခဲ့သည်။

မလေးရှားအစိုးရအနေဖြင့် တရားရုံး အမိန့်ကို လိုက်နာရလိမ့်မည်ဖြစ်ပြီး ယနေ့တွင် ရွှေ့ပြောင်း ၁,၂၀၀ အနက် မည်သူတစ်ဦးတစ်ယောက်ကိုမှ နေရပ်ပြန်မပို့ရန် သေချာအောင် လုပ်ရလိမ့်မည်ဟု Amnesty International Malaysia ၏ အမှုဆောင်ညွှန်ကြားရေးမှူး ကက်ထရီနာ ဂျိုရာနီ မာလီယာမော်ဗ်က ပြောခဲ့သည်။

ထို့ပြင် ကုလ ဒုက္ခသည် အေဂျင်စီကိုလည်း နေရပ်ပြန်ပို့ခံရန် ရှိနေသော ရွှေ့ပြောင်းများနှင့် တွေ့ဆုံခွင့် ပြုရန် သူမက အာဏာပိုင်များကို တောင်းဆိုသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly