Perseverance စူးစမ်းရေးစက်ရုပ်ယာဉ် အင်္ဂါဂြိုဟ်ပေါ် ဆင်းသက်မှုရဲ့ ပထမဆုံးဗီဒီယိုကို နာဆာ ပြသ

Perseverance စူးစမ်းရေးစက်ရုပ်ယာဉ် အင်္ဂါဂြိုဟ်ပေါ် ဆင်းသက်မှုရဲ့ ပထမဆုံးဗီဒီယိုကို နာဆာ ပြသ
Photo: AFP

ဖေဖေါ်ဝါရီ ၂၃

Perseverance စူးစမ်းလေ့လာရေးစက်ရုပ်ယာဉ် အင်္ဂါဂြိုဟ်ပေါ် ဆင်းသက်တဲ့ ပထမဆုံး ဗီဒီယိုတစ်ခုကို အမေရိကန် အာကာသအေဂျင်စီ နာဆာ (NASA) က ထုတ်ဖော်ပြသခဲ့ပါတယ်။

ကြာချိန် သုံးမိနစ်နဲ့ ၂၅ စက္ကန့် ရှိတဲ့ အဆိုပါဗီဒီယိုထဲမှာတော့ လေထီး ဖြန့်ထုတ်မှုနဲ့ စက်ရုပ်ယာဉ် အင်္ဂါဂြိုဟ် မျက်နှာပြင်ပေါ် ဆင်းသက်မှုကို ပြသထားပါတယ်။

အလားတူ အမေရိကန် အာကာသအေဂျင်စီဟာ အင်္ဂါဂြိုဟ်မှ ပထမဆုံး အသံကို ထုတ်ဖော်ခဲ့သလို အဲဒီအသံကတော့ Perseverance ယာဉ်က ဖမ်းယူထားခဲ့တဲ့ ခပ်တိုးတိုးလေတိုက်သံတစ်ခု ဖြစ်ပါတယ်။

စက်ရုပ်ယာဉ် ဆင်းသက်စဉ်အတွင်း မိုက်ခရိုဖုန်းတစ်ခုဟာ အလုပ်မလုပ်ခဲ့ပေမယ့် စက်ရုပ်ယာဉ်ဟာ အင်္ဂါဂြိုဟ် မျက်နှာပြင်ပေါ် ဆင်းသက်ကျရောက်သွားခဲ့တာနဲ့တစ်ပြိုင်နက် အသံကို ဖမ်းယူနိုင်ခဲ့ပါတယ်။

နာဆာ အင်ဂျင်နီယာတွေဟာ အင်္ဂါဂြိုဟ် မျက်နှာပြင်ပေါ်က လေတိုက်သံတစ်ခုဖြစ်တယ်လို့ ဆိုတဲ့ အသံဖိုင်အတိုတစ်ခုကို ဖွင့်ပြခဲ့ပါတယ်။

သုံးမိနစ်နဲ့ ၂၅ စက္ကန့် ကြာတဲ့ ဗီဒီယိုကို ပြသခဲ့ပြီးနောက် “ဒါတွေက တကယ့်ကို မယုံနိုင်စရာ ကောင်းတဲ့ ဗီဒီယိုတွေ ဖြစ်ပါတယ်” လို့ နာဆာရဲ့ ဂျက်တွန်းကန်အားဓာတ်ခွဲခန်းရဲ့ ညွှန်ကြားရေးမှူး မိုက်ကယ် ၀က်ကင်းစ်က သတင်းထောက်တွေကို ပြောသွားခဲ့ပါတယ်။

“ဒါက အင်္ဂါဂြိုဟ်ပေါ် ဆင်းသက်ကျရောက်သွားတာလိုမျိုး အခိုက်အတန့်တစ်ခုကို ကျွန်တော်တို့ ပထမဆုံးအကြိမ် ဖမ်းယူရိုက်ကူးထားနိုင်ခဲ့တာဖြစ်ပါတယ်”

Perseverance စူးစမ်းလေ့လာရေး စက်ရုပ်ယာဉ်ကတော့ လက်ရှိအချိန်အထိ မျှော်မှန်းထားသလို လည်ပတ်နေတယ်ဆိုပြီး Perseverance ရဲ့ အင်္ဂါဂြိုဟ် မျက်နှာပြင် မစ်ရှင် မန်နေဂျာ ဂျက်စီကာ ဆမ်မြူရယ်စ်က ပြောပါတယ်။

“စူးစမ်းလေ့လာရေး စက်ရုပ်ယာဉ်က အခြေအနေကောင်းမွန်တယ် ဆိုတာကို ၀မ်း‌မြောက်ဝမ်းသာနဲ့ ပြောချင်ပါတယ်” လို့ ၎င်းက ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required