အာဏာသိမ်းမှုအတွက် မြန်မာစစ်တပ်ကို ဒဏ်ခတ်ပိတ်ဆို့ဖို့ အီးယူ သဘောတူ

အာဏာသိမ်းမှုအတွက် မြန်မာစစ်တပ်ကို ဒဏ်ခတ်ပိတ်ဆို့ဖို့ အီးယူ သဘောတူ
Photo: EPA

ဖေဖေါ်၀ါရီ ၂၃

ယခုလအစောပိုင်း အာဏာသိမ်းမှုအတွက် မြန်မာစစ်တပ်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ရေးနဲ့ ဖွံ့ဖြိုးရေးအကူအညီတစ်ချို့ ထုတ်မ‌ပေးဘဲ ရပ်ဆိုင်းထားရေးအတွက် ဆက်လက်လုပ်ဆောင်ဖို့ အီးယူ၀န်ကြီးတွေ သဘောတူညီခဲ့ကြပါတယ်။

“အာဏာသိမ်းမှုအတွက် တာ၀န်ရှိတဲ့ စစ်တပ်နဲ့ သူတို့ရဲ့ စီးပွားရေး အကျိုးစီးပွားတွေကို ပစ်မှတ်ထားပြီး အရေးယူပိတ်ဆို့မှုတွေ လုပ်ဖို့ ကျွန်တော်တို့ နိုင်ငံရေးသဘောတူညီချက် ရခဲ့ပါတယ်” လို့ အီးယူ နိုင်ငံခြားရေးဆိုင်ရာ အကြီးအကဲ ဂျိုးဆက် ဘောရဲလ်က ပြောပါတယ်။

“ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုးရေး စနစ်ကနေတဆင့် အစိုးရ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေဆီ တိုက်ရိုက်သွားတဲ့ ဘဏ္ဍာရေး ထောက်ပံ့မှုအားလုံးကို ထုတ်မပေးဘဲ ဆိုင်းထားပါမယ်။”

မြန်မာစစ်တပ်ဟာ အာဏာသိမ်းမှုနဲ့အတူ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားခဲ့ရာ နိုင်ငံတကာရဲ့ ပြစ်တင်ရှုတ်ချမှုတွေနဲ့ ကြုံတွေ့ထားပါတယ်။ ထို့ပြင် စစ်တပ်ဟာ ဆန္ဒပြသူတွေအပေါ် သွေးထွက်သံယိုရှိတဲ့ ဖြိုခွင်းနှိမ်နင်းမှုတွေကို တိုးမြှင့်လုပ်ဆောင်ထားခဲ့ပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ အများပြည်သူလူထုအပေါ် ထိခိုက်စေနိုင်မှုတွေ မဖြစ်အောင်လို့ အရှေ့တောင်အာရှ မြန်မာနိုင်ငံနဲ့အကြား ကုန်သွယ်ရေး ဆက်သွယ်ပတ်သက်မှုတွေအပေါ် အီးယူအုပ်စုဘက်က ထိန်းချုပ်ဟန့်တားမှာမဟုတ်ဘူးလို့ ဘောရဲလ်က အခိုင်အမာ ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly