အာဏာသိမ်းစစ်အစိုးရလို့ သုံးတာမမြင်ချင်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သို့ အိတ်ဖွင့်ပေးစာ

အာဏာသိမ်းစစ်အစိုးရလို့ သုံးတာမမြင်ချင်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သို့ အိတ်ဖွင့်ပေးစာ

(အယ်ဒီတာ့အာဘော်)

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ခင်ဗျာ၊ အာဏာသိမ်းစစ်အစိုးရလို့သုံးရင် မီဒီယာတွေ ထုတ်ဝေခွင့်ပိတ်မယ်လို့ စစ်ကောင်စီက ပြောတဲ့သတင်းကြားသိရတော့ သတင်းစာဆရာကြီး ကြေးမုံဦးသောင်းရေးတဲ့ "ဘီလူးတို့ရွာ" ဆိုတဲ့စာအုပ်ထဲက "ဗိုလ်ချုပ်ကြီးနေဝင်း၏ပထမဆုံးနှင့်နောက်ဆုံး သတင်းစာရှင်းလင်းပွဲ" ဆိုတဲ့အခန်းကို သတိရမိပါတယ်။ အဲဒီအခန်းအစက "အိမ်စောင့်အစိုးရတက်လာသောအခါတွင် ဗိုလ်တထောင်၊ ကြေးမုံနှင့် ရန်ကုန်သတင်းစာတိုကို အပြစ်ရှာပြီး ပိတ်လေသည်။ အယ်ဒီတာများကို ထောင်ဒဏ်ပေးပြီး သတင်းစာတိုက်များကို အစိုးရသိမ်းစေဟု စီရင်ချက်ချမှတ်၏။"လို့ ဆိုတာကိုး။ အခုလည်း သတင်းမီဒီယာတွေကို ပစ်မှတ်ထားလာပြန်ပြီလားလို့ တွေးမိရင်း အမှတ်ရမိတာပါ။

ဗိုလ်ချုပ်မှူးကြီးတို့က အာဏာထိန်းအစိုးရလို့ သုံးစေချင်ပေမဲ့ ဟိုတစ်ချိန်တုံးမှာ ဝန်ကြီးချုပ်ဦးနုက ကာကွယ်ရေးဦးစီးချုပ် ဗိုလိချုပ်ကြီးနေဝင်းကို အာဏာလွှဲသလို လွှဲခဲ့တာလည်းမဟုတ်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီးတွေ၊ ပြည်နယ်နဲ့တိုင်းဒေသကြီးဝန်ကြီးချုပ်တွေအပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကလည်း အရေအတွက်မနည်းလှပါဘူး။

ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ မြန်မာပြည်တဝှမ်းက လူထုဆန္ဒပြပွဲတွေကို လိုက်ကြည့်လျှင်ဖြင့် Military coup (စစ်အာဏာသိမ်း) ဆိုသော စကားလုံးကို လှိုင်လှိုင်ချည်းတွေ့ရမှာဖြစ်ပါတယ်။ သတင်းစာဆိုတာ တကယ်ဖြစ်ပျက်နေတာတွေနဲ့ ထင်ဟပ်ရပါတယ်။ အဲဒီတော့ စစ်အာဏာသိမ်းတာကို မသိမ်းသလို ဖုံးကွယ်ပေးလို့ မရပါဘူး။
 
ဒီထက်မကပြောရရင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဦးဆောင်တာက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဖြစ်နေပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲမှာ လူထုမဲနဲ့တက်လာတဲ့ ရွေးကောက်ခံသမ္မတ ဦးမင်းအောင်လှိုင်မဟုတ်တော့ စစ်အစိုးရလို့ပဲသတ်မှတ်ရတာ အထူးအဆန်း မဟုတ်လှပါဘူး။  

လွတ်လပ်တဲ့သတင်းမီဒီယာဆိုတာ ဝါဒဖြန့်လက်နက်မဟုတ်တော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဆိုတဲ့ ရှည်လျားတဲ့စကားလုံးကိုချည်း တွင်တွင်သုံးနေမှာမဟုတ်ပါဘူး။ ဘယ်သူအာဏာရှိရှိ အာဏာပလ္လင်ပေါ်က လူတွေပြောတာပဲရေးသားထုတ်လွှင့်တဲ့ MRTV နဲ့ စစ်တပ်အကြီးအကဲတွေ အလိုကျပုံဖော်တဲ့ မြဝတီချည်းပဲ ကြည့်နေလို့ကတော့ အမှန်တရားကို မြင်ရမှာမဟုတ်ပါဘူး။

သမိုင်းတကျော့ပြန်တတ်တယ်လို့ဆိုကြပါတယ်။ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းတော့ ဗိုလ်ချုပ်ကြီးနေဝင်းက ဥပဒေနဲ့အညီအာဏာသိမ်းပါသည်တဲ့။ အခုလည်း စစ်ကောင်စီက ဥပဒေနဲ့အညီပါတဲ့။ တကယ်တော့ ဥပဒေကြောင်းအရကြည့်ရင်လည်း ဗိုလ်ချုပ်မှူးကြီးတို့ အာဏာရယူခဲ့တာဟာ တည်ဆဲအခြေခံဥပဒေအရ လုပ်ဆောင်ပါတယ်ဆိုတာ အဆုံးအဖြတ်ပေးတဲ့ သမာသမတ်ကျတဲ့ခုံရုံးဆုံးဖြတ်မှုလည်းမရှိတော့ စစ်ကောင်စီပြောသလို လက်ခံဖို့တော့ အခက်အခဲရှိလှပါတယ်။ ဥပဒေကိုလေ့လာခဲ့ပါတယ်ဆိုတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ သမာသမတ်ကျကျ အမြင်နဲ့ကြည့်ရင် မြင်လွယ်ပါလိမ့်မယ်ခင်ဗျာ။ သေနတ်ပြောင်းဝမှာ ဥပဒေတွေဖြစ်တယ်လို့ ဆိုသူများအတွက်တော့ အဓိပ္ပါယ်နောက်တစ်မျိုး ထွက်နိုင်ပါတယ်။

ပြည်တွင်းသတင်းမီဒီယာတွေချည်း အာဏာသိမ်းစစ်အစိုးရလို့ သုံးကြတာမဟုတ်ပါဘူး။ နိုင်ငံခြားသတင်းတွေလည်း လိုက်ကြည့်ပါခင်ဗျာ။ တညီတညွတ်တည်း အာဏာသိမ်းစစ်အစိုးရလို့ သတင်းတွေ၊ ဆောင်းပါးတွေ၊ သုံးသပ်ချက်တွေထဲ ထဲ့သုံးတာကို တွေ့ရမှာဖြစ်ပါတယ်။

ဒါကို အာဏာနဲ့ အဓမ္မနည်းနဲ့ အာဏာသိမ်းစစ်အစိုးရရယ်လို့ မသုံးရဘူး၊ သုံးနှုံးရင် မီဒီယာတွေ ထုတ်ဝေခွင့်လိုင်စင်သိမ်းမယ်ဆိုပြန်တော့ ပြည်တွင်းမီဒီယာတွေအပေါ် နိုင်လိုမင်းထက် ပြုမူတာပဲဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သတင်းမီဒီယာကောင်စီကို စတုတ္တမဏ္ဍိုင်ရယ်လို့ အသိအမှတ်ပြုတယ်လို့ ပြောတာကို သတိပြုမိပါတယ်။ တကယ်တော့ သတင်းမီဒီယာကို စတုတ္တမဏ္ဍိုင်ရယ်လို့ အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး လုပ်လိုတဲ့ သတင်းမီဒီယာကောင်စီကို အသုံးချပြီး သတင်းစာတွေကို မိမိအလိုရှိရာ အသုံးတော်ခံဖို့ လုပ်ဆောင်မယ်ဆိုရင်တော့ စစ်ကောင်စီကနေ အခုလို သတင်းစာလွတ်လပ်ခွင့်တွေကို ချုပ်ခြယ်လာမယ့်အရေးမြင်လို့ သဘောမတူလို့ နှုတ်ထွက်သွားတဲ့ သတင်းမီဒီယာကောင်စီဝင် ဘယ်နှစ်ဦးရှိပြီလဲ၊ ဘယ်နှစ်ယောက်ပဲကျန်လဲဆိုတာကိုလည်း ပြန်ကြည့်စေချင်ပါတယ်။

ကြုံကြိုက်လို့ပြောရရင် သတင်းစာအရေးအသားမှာ အမည်နာမအပြည့်အစုံကို ထပ်ကာထပ်ကာမရေးဘဲ အတိုကောက်တွေပါထဲ့သွင်းအသုံးပြုကြရတာ ဓလေ့တစ်ခုဖြစ်ပါတယ်။ ဒါကြောင့်လည်း ဥပမာပေးရရင် နစ်ဖြူ နစ်နီဆိုတဲ့စကားလုံးတွေပေါ်လာတာ မဟုတ်လား။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ပါးစပ်က ထွက်တာ ဥပဒေပဲဆိုပြီး အာဏာသိမ်းစစ်အစိုးရလို့ မရေးစေချင်ရင်ဖြင့်တော့ အာဏာလု စစ်အစိုးရလို့ ရေးဖို့ အကြံပြုမှုတွေရှိနေပေမဲ့ မဇ္ဈိမအနေနဲ့ကတော့ အာဏာသိမ်းစစ်ကောင်စီ၊ စစ်ကောင်စီ၊ အာဏာသိမ်းစစ်အုပ်စု၊ စစ်အုပ်စု၊ စစ်အစိုးရ စသဖြင့် အလျဉ်းသင့်သလို ရေးသွားရမည်ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားလိုက်ရပါတယ်ခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required