မြန်မာရွှေ့ပြောင်းတွေ တင်ဆောင်လာတယ်လို့ယူဆရတဲ့ ကားတွေ မလေးရှားရေတပ်အခြေစိုက်စခန်းဆီ ဦးတည်သွားနေ 

မြန်မာရွှေ့ပြောင်းတွေ တင်ဆောင်လာတယ်လို့ယူဆရတဲ့ ကားတွေ မလေးရှားရေတပ်အခြေစိုက်စခန်းဆီ ဦးတည်သွားနေ 
Photo: AFP

ဖေဖော်ဝါရီ ၂၃  

လူနည်းစုတွေအပါအဝင် မြန်မာရွှေ့ပြောင်း ရာပေါင်းများစွာ တင်ဆောင်လာတယ်လို့ ယူဆရတဲ့ ကုန်တင်ကားတွေနဲ့ ဘတ်စ်ကားအစီးပေါင်းများစွာဟာ အင်္ဂါနေ့မနက်ပိုင်းမှာ မလေးရှားမြို့ Lumut ကို ဖြတ်ပြီး ရေတပ်အခြေစိုက်စခန်းဆီ ဦးတည်သွားနေကြပါတယ်။  

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး သီတင်းပတ်များအကြာမှာ မလေးရှားက ရွှေ့ပြောင်း ၁၂၀၀ ခန့်ကို ဒီကနေ့မှာ နေရပ်ပြန်ပို့ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်မှုများစွာခံရပြီးတဲ့နောက်မှာတော့ မလေးရှားက တက်ကြွလှုပ်ရှားသူတွေ နေရပ်ပြန်ပို့မယ့်အစီအစဉ်ကို တားဆီးဖို့ ဥပဒေကြောင်းအရ ကြိုးပမ်းခဲ့ကြပါတယ်။ 

လူနည်းစုအပါအဝင် အဆိုပါရွှေ့ပြောင်းတွေဟာ မြန်မာ့ရေတပ်က လွှတ်ထားတဲ့ သင်္ဘော သုံးစီးပေါ် လိုက်ပါဖို့အတွက် မလေးရှားအနောက်ဘက်ကမ်းရိုးတမ်းရှိ စစ်အခြေစိုက်စခန်းမှာ ရောက်ရှိနေတာဖြစ်ပါတယ်။ 

အမေရိကန်နဲ့ ကုလသမဂ္ဂကတော့ အဆိုပါအစီအစဉ်ကို ဝေဖန်ထားပြီး သူတို့ဟာ ခိုလှုံခွင့်​တောင်းခံသူတွေ ဟုတ်/မဟုတ် အကဲဖြတ်ခွင့်ပေးဖို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီကို တောင်းဆိုထားပါတယ်။  

ကုလသမဂ္ဂရဲ့ပြောကြားချက်အရ ရွှေ့ပြောင်းထဲက အနည်းဆုံး ခြောက်ဦးဟာ သူတို့ဆီမှာ မှတ်ပုံတင်ထားတာကို သိထားပြီး  နိုင်ငံတကာရဲ့ အကာအကွယ်ကို လိုအပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ 

လူ့အခွင့်အရေးအဖွဲ့တွေဖြစ်ကြတဲ့ Amnesty International နဲ့ Asylum Access တို့ကလည်း ရွှေ့ပြောင်းတွေကို ပြန်ပို့မဲ့ အစီအစဉ်ကို ရပ်တပ်ဖို့ တနင်္လာနေ့က ကွာလာလမ်ပူတရားရုံးချုပ်မှာ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ 

"ဒီအစီအစဉ်ကို ရပ်တန့်မယ့် ကြိုးပမ်းအားထုတ်မှုဟာ မြန်မာနိုင်ငံပြန်ပို့မဲ့ သူတွေဟာ ခိုလှုံခွင့်တောင်းသူနဲ့ ဒုက္ခသည်တွေပါတယ်ဆိုတာ ဒုက္ခသည်များဆိုင်ရာအဖွဲ့အစည်းတွေက အထင်အရှားဖော်ပြတဲ့အချက်တွေပေါ်မှာ မူတည်ပါတယ်" လို့ မလေးရှားနိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က အမှုဆောင်ဒါရိုက်တာ Katrina Jorene Maliamauv က ဆိုပါတယ်။  

"မြန်မာစစ်တပ်က ဆန္ဒပြသူနဲ့ သဘောထားကွဲလွဲသူတွေအပေါ် လူ့အခွင့်ရေးချိုးဖောက်တာတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် မှတ်တမ်းတင်ပြီးဖြစ်ပါတယ်။ မလေးရှားက ရွှေ့ပြောင်း ၁၂၀၀ ကို ပြန်ပို့ဖို့ အတင်းကျပ်တိုက်တွန်းမယ်ဆိုရင် နောက်ထပ် နှိပ်စက်ညှဉ်းပန်းမှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ သေဆုံးမှုတွေအထိပါ သူတို့ကို အန္တရာယ်ကျရောက်စေမှုအတွက် တရားခံဖြစ်သွားပါလိမ့်မယ်" လို့ Katrina Jorene Maliamauv က ပြောပါတယ်။  

ဒါပေမယ့် ရွှေ့ပြောင်းတွေကတော့ ရဲကားတွေ ခြံရံကာ ကုန်တင်ကားတွေ၊ ဘတ်စ်ကားတွေနဲ့ Lumut မြို့က ရေတပ်အခြေစိုက်စခန်းထဲ ရောက်နေကြပြီဖြစ်ပါတယ်။  

မလေးရှားက အစောပိုင်းက အာဏာသိမ်းမှုဖြစ်စဉ်ကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ရက်ပိုင်းအကြာမှာ မလေးရှားမှာ ထိန်းသိမ်းထားသူတွေကို နေရပ်ပြန်ခေါ်ဖို့  မြန်မာစစ်တပ်က စစ်သင်္ဘာတွေလွှတ်ပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်ကို လက်ခံခဲ့တဲ့သတင်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။  

ပြန်ပို့မဲ့သူတွေဟာ ဗီဇာသက်တမ်းလွန်နဲ့နေထိုင်ခြင်းကဲ့သို့သော ပြစ်မှုတွေကို ကျူးလွန်ထားသူတွေဖြစ်ပြီး မြန်မာနိုင်ငံမှာ နိုင်ငံသားအဖြစ် အသိအမှတ်ပြုမခံရတဲ့ ရိုဟင်ဂျာလူနည်းစု (မူရင်းဖော်ပြချက်) တွေမပါဘူးလို့တော့ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။  

ဒါပေမဲ့ ထိန်းသိမ်းခံရသူတွေထဲမှာ ခရစ်ယာန်ချင်းလူနည်းစုတွေနဲ့ ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ကချင်နဲ့ ရှမ်းပြည်နယ်ကသူတွေ ပါဝင်တယ်လို့ ဒုက္ခသည်ဆိုင်ရာအကူအညီပေးရေးအဖွဲ့ Geutanyoe Foundation က အပြည်ပြည်ဆိုင်ရာဒါရိုက်တာ Lilianne Fan က ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly