အာဏာသိမ်းမှုနှင့် ပတ်သက်၍ မြန်မာစစ်ဗိုလ်ချုပ်ကြီး ၂ ဦးကို အမေရိကန် ထပ်တိုးအရေးယူပိတ်ဆို့

 အာဏာသိမ်းမှုနှင့် ပတ်သက်၍ မြန်မာစစ်ဗိုလ်ချုပ်ကြီး ၂ ဦးကို အမေရိကန် ထပ်တိုးအရေးယူပိတ်ဆို့
Photo: EPA

ဖေဖေါ်၀ါရီ ၂၃

ဖေဖေါ်၀ါရီ ၁ ရက် အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး မြန်မာစစ်တပ်မှ ဗိုလ်ချုပ်ကြီးနှစ်ဦးကို အမေရိကန်က ယမန်နေ့ တနင်္လာနေ့တွင် အရေးယူပိတ်ဆို့မှုများ ထပ်တိုးချမှတ်ခဲ့သည်။ ထို့ပြင် မြန်မာအာဏာသိမ်းမှုအတွက် နောက်ထပ် အရေးယူဆောင်ရွက်မှုများ လုပ်နိုင်ကြောင်း အမေရိကန်က ခြိမ်းခြောက်ခဲ့သည်။

ယခု ပစ်မှတ်ထားအရေးယူလိုက်သူနှစ်ဦးမှာ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် နှင့်  ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း တို့ ဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေး၀န်ကြီးဌာန၏ နိုင်ငံခြား ပိုင်ဆိုင်မှု ထိန်းချုပ်ရေး ရုံးက ထုတ်ပြန်သည်။

“စစ်တပ်အနေနဲ့ သူတို့ရဲ့ လုပ်ရပ်တွေကို နောက်ပြန်လှည့်ရပါလိမ့်မယ်၊ ပြီးတော့ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ခံထားရတဲ့ အစိုးရထံ အမြန်ဆုံး အာဏာပြန်လွှဲပေးရပါလိမ့်မယ်၊ ဒီလိုမှမဟုတ်ရင် ဘဏ္ဍာရေး၀န်ကြီးဌာနအနေနဲ့ နောက်ထပ် အရေးယူမှုတွေ လုပ်ဖို့ တုံ့ဆိုင်းနေမှာ မဟုတ်ပါဘူး” ဟု အမေရိကန် ဘဏ္ဍာရေး၀န်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင့်ကန်ကလည်း အလားတူအတိုင်း ခြိမ်းခြောက်ခဲ့သည်။ “ပြည်သူတွေရဲ့ သဘောဆန္ဒကို ဖိနှိပ်တဲ့ သူတွေ၊ အကြမ်းဖက်မှု ကျူးလွန်တဲ့ သူတွေအပေါ် နောက်ထပ် အရေးယူမှုတွေ လုပ်ဖို့ ကျွန်တော်တို့ ၀န်လေးနေမှာ မဟုတ်ပါဘူး” ဟု ဘလင့်ကန်က ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် ယမန်နေ့ တနင်္လာနေ့က  စစ်တပ်အုပ်ချုပ်မှုကို ဆန့်ကျင်သည့် အထွေထွေသပိတ်တစ်ခု ဖြစ်ပေါ်ခဲ့ပြီး အကြမ်းဖက်ခံရမှုဆိုင်ရာ စိုးရိမ်ပူပန်မှုများ ရှိခဲ့လင့်စကား ကြီးမားလှသည့် လူအုပ်စုများသည် ငြိမ်းချမ်းစွာ စုဝေးခဲ့ကြသည်။ ထိုမတိုင်မီက ထိပ်တိုက်တွေ့မှုများ၌ လူအသက်သေဆုံးစေနိုင်သည်ဆိုပြီး အာဏာပိုင်များက သတိပေးခဲ့သည်။

အာဏာသိမ်းပြီး သုံးပတ်ကြာပြီးနောက် စစ်တပ်သည် လက်ရှိ နေ့စဉ်ပေါ်ပေါက်နေသည့် ဆန္ဒပြမှုများ၊ အာဏာသိမ်းမှု ပြောင်းပြန်ဖြစ်ရေးနှင့် ထိန်းသိမ်းခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ရေး တောင်းဆိုသည့် CDM လှုပ်ရှားမှုတို့ကို တားဆီးဟန့်တားနိုင်ခြင်း မရှိပေ။

“ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူတွေအပေါ် တိုက်ခိုက်နေတာတွေ ရပ်ဖို့၊ မတော်မတရား ထိန်းသိမ်းခံထားရသူအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့၊ ဂျာနယ်လစ်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေအပေါ် တိုက်ခိုက်မှုတွေ၊ ခြိမ်းခြောက်မှုတွေ ရပ်ဆိုင်းဖို့နဲ့ ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံထားရတဲ့ အစိုးရကို မူလအတိုင်း အာဏာပြန်ပေးဖို့အတွက် မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို ကျွန်တော်တို့ တိုက်တွန်းပါတယ်”ဟု ဘလင့်ကန်က ပြောသည်။

အာဏာသိမ်းပြီးနောက် မြန်မာအပေါ် ပထမဆုံး ချမှတ်သည့် အမေရိကန် အရေးယူပိတ်ဆို့မှုတွင် နာမည်ပါ၀င်ခဲ့သည့် စစ်တပ်အရာရှိကြီးတစ်ချို့ကဲ့သို့ပင် တနင်္လာနေ့က အမည်ပျက်စာရင်းသွင်းခံရသည့် စစ်ဗိုလ်ချုပ်ကြီးနှစ်ဦးစလုံးသည် စစ်တပ်၏ နိုင်ငံ စီမံအုပ်ချုပ်မှုကောင်စီ အဖွဲ့၀င်များအဖြစ် ခန့်အပ်ခံထားရသည်။

ယခုကဲ့သို့ အရေးယူပိတ်ဆို့မှုအောက်တွင် အဆိုပါ စစ်ဗိုလ်ချုပ်ကြီးများ အမေရိကန်တွင် ရှိကောင်းရှိနေနိုင်သည့် ပိုင်ဆိုင်မှုများ အပိတ်ခံရမည်ဖြစ်သလို ယေဘုယျအားဖြင့်လည်း အမေရိကန်နိုင်ငံသားများကို ၎င်းတို့နှင့် ဆက်ဆံပတ်သက်မှုမလုပ်ရန် တားမြစ်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly