လူတိုင်းစုရုံး စံချိန်တင် ၂၂၂၂၂ ( နှစ်ငါးလုံး) နေ့မှတ်စု

လူတိုင်းစုရုံး စံချိန်တင် ၂၂၂၂၂ ( နှစ်ငါးလုံး) နေ့မှတ်စု
Photo: EPA

မြန်မာ့သမိုင်းတွင် လူဦးရေ အများဆုံးပါဝင်သည့် လူထုလှုပ်ရှားမှုအဖြစ် ယနေ့ ၂၂၂၂၂ နေ့ ဆန္ဒပြပွဲများက သမိုင်းမှတ်တမ်းတင်ခဲ့ပြီဖြစ်သည်။

လူငယ်တွေအတွက် ဂုဏ်ယူဝမ်းမြောက်မိသည်။

သေချာသည်ကတော့ လူငယ်တွေ သူတို့ အနာဂတ်ကို အပျောက်မခံနိုင်ကြတော့။

သို့သော် ယင်းအချက်မှာ နိုင်ငံအနာဂတ်အတွက် အမှန်တကယ်လိုအပ်သည့် နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်းအကြား လူမှုပဋိဉာဉ်တွင် အမြူတေအဖြစ်ထားရမည့် တန်ဖိုး အခြေခံ ပြောင်းလဲမှု အဖြစ် စွမ်းဆောင်နိုင်၊ မနိုင်။ ယင်းသို့ ပြောင်းလဲရန် အများစု၏ လက်ခံထားသည့် ယုံကြည်မှုက အဘယ်သို့ ဆိုသည်ကို စောင့်ကြည့်ရပေဦးမည်။

အဘယ်ကြောင့်ဆိုသော် ၈ လေးလုံး ၃၂ နှစ် ကျော်လာသည်အထိ မည်သည့် ဒီမိုကရေစီ ဆိုသည်ကို ဘုံသဘောဆန်သည့် အဓိပ္ပာယ်ဖွင့်လိုမှု မလုပ်နိုင်ခဲ့သည့် သာဓက ရှိခဲ့သည်မဟုတ်ပင်လော။

ဖြစ်ရပ်ဖြစ်စဉ် နိုင်ငံရေး တို့မည်သည် သမိုင်းအတိုင်း တကျော့ပြန်တတ်သည်ဆိုသည်မှာ ပလေတို ၏ ခေတ်ဟောင်းနိုင်ငံတော် အယူအဆပင် ဖြစ်ငြားသော်လည်း မြန်မာတွင် မကြာခဏကြုံရသည့်အတွက် အခုထိ မချင့်မရဲ မျှော်လင့်နေဆဲ အခြေအနေပင်။

တနေ့ထဲတွင်ပင် ဆန္ဒပြပွဲများနှင့်အတူ အုပ်ချုပ်မှု ပါ၀ါ ဗဟိုစင်တာတွင် ရှိသည့် နေပြည်တော်တွင် ဆန္ဒပြသူ ရာနှင့်ချီ အဖမ်းခံရသည်။

ခန့်မှန်းထားသည့်အတိုင်းပင် နေပြည်တော်မှာ ခံတပ်သဖွယ်ဖြစ်နေသည့်အတွက် အဓိက ဖြိုခွင်းမည့်နေရာအဖြစ် မှတ်ယူထားမှုများ ပိုခိုင်မာလာဖွယ်ရှိသည်။

၈ လေးလုံးကာလနှင့် အဓိက ကွာခြားချက်မှာ ပါ၀ါစင်တာမှာ ရန်ကုန်မဟုတ်ဘဲ လူစုရဝေးရခက်သည့် နေပြည်တော်ဖြစ်နေသည်။

နေပြည်တော်မှာ မြို့တေ်ာဟု ဆိုသော်လည်း သူ့အစုနှင့် သူနေသည့် သဘောသဘာဝသာ ရှိနေရာ တဘက်တွင်လည်း အရပ်ဘက်အဖွဲ့အစည်းများနှင့် ဝန်ထမ်းများ ၊ သာမန် အစဉ်အဆက်နေထိုင်သူများအကြားတွင် ဂေဟ စနစ်တည်ဆောက်နိုင်စွမ်းမှာ မန္တလေးကဲ့သို့ မြို့အနေထားမျိုး ရောက်ရှိရန်ပင် လွယ်မည့်ပုံမပေါ်သေးချေ။

မြန်မာ့ လူထုလှုပ်ရှားမှု နှင့် တပ်မတော်၏ တုံ့ပြန်ပုံတို့ကို စာတမ်းရေးဖူးသည့် ပါမောက္ခတဦးကလည်း ၂၀၀၇ ခုနစ် ရွှေဝါရောင်လှုပ်ရှားတွင် စစ်အစိုးရမှ စိန်ပြေနပြေ နှိမ်နင်းနိုင်ခဲ့ခြင်းမှာ မြို့တော်က နေပြည်တော်တွင် ဖြစ်နေပြီး ဆန္ဒပြပွဲက ရန်ကုန်တွင် ဖြစ်နေသည့်အတွက်ဟု ထောက်ပြထားသည်။

တနေ့တည်းတွင်ပင် CRPH လွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ကုလသမဂ္ဂ ဆိုင်ရာ ကိုယ်စားလှယ်ကို ခန့်အပ်ခဲ့သည်ကိုတွေ့ရသည်။ အနောက်နိုင်ငံများ ကုလသမဂ္ဂတို့၏ အသိအမှတ်ပြုမှုရအောင် ကြိုးစားမှုထက် ပိုမိုသည့် ခြေလှမ်းဟု ဆိုရမည်။ တချိန်တည်းတွင်လည်း ရာထူး ရာဌာန္တာရများ ထက် အလျားလိုက် မဟာမိတ်ဖွဲ့ခြင်း ၊ Connectors များ ရှာဖွေ တည်ဆောက်မှုမှာ ပိုအရေးပါမည်လော စဉ်းစားမိသည်။

အဘယ်ကြောင့်ဆိုသော် ကုလတွင် သံတမန် ခန့်ရန် လှုပ်ရှားလာသည့်အတွက် အာဏာသိမး် စစ်ကောင်စီအနေဖြင့် နိုင်ငံရေးသမားများအား ပိုပစ်မှတ်ထားဖွယ် အနေထားမျိုး ကြုံလာနိုင်၍ ဖြစ်သည်။ ယင်းအခြေအနေအထိ လွှတ်တော်ကိုယ်စားပြုကော်မတီမှာ ညီညွတ်ရေးပုံသဏ္ဍာန် စုဖွဲ့မှုဖြင့် ခံစစ်စည်းကို တည်ဆောက်ထားနိုင်ခြင်း မရှိသေးပါ။ အမြန်တည်ဆောက်ရန်လိုနေသည်။ အထူးသဖြင့် တိုင်းရင်းသားများနှင့် တကယ်အင်အားရှိ အရေးပါသူများနှင့် တည်ဆောက်ရန်လိုသည်။

တချိန်တည်းတွင်လည်း လုပ်ငန်းစဉ် မဟာဗျူဟာ မရှင်းလင်းသေးချိန်တွင် အသေးစိပ် အနည်းငယ်ဆန်သည့် နည်းဗျူဟာ၏ အစိတ်အပိုင်းနှင့် ယင်းကို အကောင်ထည်ဖော်ပေးရသည့် ကုလသမဂ္ဂဆိုင်ရာ သံ ခန့်ခြင်းမှာ မဟာဗျူဟာရှေ့မလာခင် နည်းဗျူဟာ အရင်စပြီး နွားရှေ့ထွန်ကျူးသလို ဖြစ်မည်ကို စိုးရိမ်မိသည်။

ဗြိတိသျှ တော်ဝင်စစ်တပ် ဗိုလ်ချုပ်ဟောင်းဖြစ်သည့် Archibald Wavell ကတော့ " နည်းဗျူဟာဆိုတာ စစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ တပ်တွေ၊ စစ်သည်တွေကို ကိုင်တွယ်တဲ့ နည်း ဖြစ်ပြီး မဟာဗျူဟာ Strategy ဆိုတာကတော့ တပ်ရင်းတွေ၊ စစ်သည်တွေကို သူတို့နဲ့ သင်တော်တဲ့ နေရာတွေမှာ အသုံးချပြီး စစ်မြေပြင် ရည်ရွယ်ချက် ပေါက်မြောက်အောင်မြင်ဖို့ ချမှတ်တဲ့ လုပ်ငန်းစဉ်ဖြစ်သည်ဟု ဆိုဖူးသည်။

တဘက်တွင်လည်း နိုင်ငံရေးသိပ္ပံသဘောအရ တဘက်ဖွင့်လျှင် တဘက်ပိတ်ဆိုသည့်အတိုင်း ယခုပြဿနာကို အန်အယ်လ်ဒီ နှင့် စစ်တပ်အကြားက ပြဿနာဟုသာ ပုံဖော်ထားသည့် နအစ ကောင်စီမှာ အန်အယ်လ်ဒီ မစည်းရုံးနိုင်သေးသည့် တိုင်းရင်းသားအင်အားစုများကို တတ်နိုင်သမျှလိုက်စည်းရုံးနေဦးမည်မှာ မုချဧကန်ပင်။ ယင်းအချက်ကိုလည်း ပါမောက္ခ ဇိုလ်တန်ဘရန်နီက ၁၉၈၈ နောက်ပိုင်းနှင့် ၂၀၁၀ အကြား အခြေအနေကို မီးမောင်းထိုးပြရာတွင် ပြည်တွင်းမှ ဒီမိုကရေစီ အင်အားစုများကို ဖြိုခွင်းနေချိန်တွင် အစွန်အဖျားဒေသမှ တိုင်းရင်းသားတပ်ဖွဲ့များနှင့် အပစ်ရပ်ထားနိုင်ခဲ့ခြင်းမှာ စစ်အစိုးရအတွက် ရန်သူအားရင်ဆိုင်ရာတွင် ဝန်ပေါ့စေခဲ့သည်ဟု ဆိုထားသည်။

အတွင်းရန်မှာ စစ်အစိုးရ အစောပိုင်းကာလ အုပ်ချုပ်မှု အာဏာတည်ဆောက်ဆဲ ကာလအတွက် ပိုအရေးကြီးခဲ့သည်ဟု ၄င်းက ဆိုသည်။

Social Uprising များ ဖြစ်ပြီး ကွန်မြူနစ် အစိုးရများ ပြုတ်ကျခဲ့သည့် အရှေ့ဥရောပ နိုင်ငံများအတွေ့အကြုံအရမူ စစ်အေးကုန်ခါနီး ဖြစ်ခဲ့သည့် ယင်းလှုပ်ရှားမှုများမှာ အာဏာရှင်အစိုးရများကို ကျားကန်ပေးထားသည့် ဆိုဗီယက်ကိုယ်တိုင် အခက်အခဲများနှင့် နပန်းလုံးနေရပြီး ပြိုနေချိန်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရာ ပိုလန် ဟန်ဂေရီ နိုင်ငံများတွင်  လုံခြုံရေးများက ဖြိုခွင်းခြင်းကြီးကြီးမားမား မရှိဘဲနှင့်ပင် လူထုတော်လှန်ရေး အောင်မြင်ခဲ့သည်ကို တွေ့ရသည်။

ယခု အခြေအနေအရမူ နအစ ကောင်စီမှာ အုပ်ချုပ်ရေး စတင်တည်ဆောက်စ ဖြစ်နေသော်လည်း ဘေးနိုင်ငံဖြစ်သည့် ဒီမိုကရေစီ ဗဟုဝါဒ နှင့် မရင်းနှီးသော တရုတ်နိုင်ငံမှာ စစ်အေးခေတ်နှောင်းတွင် ပြိုခဲ့သည့် ဆိုဗီယက် အခြေအနေနှင့် များစွာ ကွာခြားနေသည်ကို သတိပြုရန်လိုသည်။

ထိုသို့ ဆိုသည့်အတွက် တရုတ်နိုင်ငံမှာ အာဏာသိမ်းမှုအပေါ် အပြည့်အဝထောက်ခံသည်ဟုတော့ မသက်ရောက်စေရပါ။

သို့သော် နအစ ကောင်စီ အုပ်ချုပ်ရေး တည်ဆောက်မှု ပြီးမြောက်သွားချိန်နှင့် တရုတ်က အပြည့်အဝ အသိအမှတ်ပြုလာချိန် အထိ ရောက်သွားလျှင်မူ ပိုမိုခက်ခဲဖွယ် ရှိနေသည်။

သောမတ်စ် ကရိုသာ၏ ဒီမိုကရေစီ မအောင်မြင် နောက်ပြန်လှန်ကျနိုင်သည့် လက္ခဏာ ၅ ရပ်တွင်

(၁) စီးပွားရေးဖွံ့ဖြိုးမှု နိမ့်ပါးလွန်းခြင်း။
(၂) နိုင်ငံရဲ့ဓနဟာ တစ်ခုတည်းသောသယံဇာတအရင်းအမြစ်ပေါ်မှာ မှီခိုနေရခြင်း။
(၃) အမှတ်အသားသရုပ်ဆိုင်ရာ အကွဲအပြဲများရှိနေခြင်း (Identity Base Divison) တစ်နည်းအားဖြင့် ပြည်တွင်းပဋိပက္ခဖြစ်နေခြင်း။
(၄) ဗဟုဝါဒ (Pluralism) အတွေ့အကြုံနည်းပါးခြင်း။
(၅) ဒီမိုကရက်တစ်မဟုတ်တဲ့ အိမ်နီးချင်းနိုင်ငံများရှိနေခြင်း (အထူးသဖြင့် ဒီမိုကရက်တစ်မဟုတ်တဲ့ စူပါပါဝါနိုင်ငံရဲ့ သြဇာစက်ဝန်းအတွင်းမှာ ရောက်ရှိနေခြင်း)တို့ပါဝင်နေပေသည်။

+ ယခုကဲ့သို့ လူထုလှုပ်ရှားမှုများမှာ တပ်ထဲကလူထုနှင့်အတူရပ်သည့်  အခြားအုပ်စုတွေ ထွက်လာရင်ထွက်လာ ၊ သို့မဟုတ် တပ်သဘောထားပြောင်းရင်းပြောင်း ၊ သို့တည်းမဟုတ် လူထုထောက်ခံမှု လှုပ်ရှားမှု အရှိန်အားကောင်းလွန်းသဖြင့် အာဏာရှင်ကို နောက်ခံပေးထားသည့်နိုင်ငံကပါ နောက်ခံဆက်ပေးရန် မဖြစ်နိုင်သည့်အတွက် အာဏာရှင်ကို ဆင်းခိုင်းသည့် ( ဖိလစ်ပိုင် ဖာဒီနန် မားကိုစ့်ကဲ့သို့ ဖြစ်စဉ်မျိုး ) အနေအထားမှသာ လူထု အနိုင်ရရှိနိုင်သည်ကို သတိပြုမိရန် လိုပေသည်။ 

Win-Win အနေထားမှာ ဆွေးနွေးညှိနှိုင်းကြခြင်းပင်။

လူထုလှုပ်ရှားမှုများတွင် ဆွေးနွေးမှုများ ပေါ်လာတတ်သော်လည်း ဆွေးနွေးတိုင်း အောင်မြင်သည်တော့မဟုတ်ပါWin –Win အခြေအနေ ဖန်တီးနိုင်သည်မဟုတ်ပါ။ အချို့အခြေအနေများတွင် တဘက်နှင့် တဘက် ထိန်းချုပ်ရန် Containment လုပ်ရန် ကြိုးပမ်းမှုများဖြင့် အဆုံးသတ်သွားတတ်သလို အချို့အခြေအနေတွင်လည်း တဘက်ကို အောက်စီးရောက်အောင် လုပ်ပြီးမှ လက်ခံစေသည့် အခြေအနေမျိုး ရောက်သွားသဖြင့် လိုရင်း မရောက်သည့် အနေထားမျိုးလည်း တွေ့ရပါသည်။

 ၂၀၀၇ ၊ ၁၉၈၈ နှင့် ကွာခြားသည်မှာ နိုင်ငံတကာ ရှေ့တွင် ကစားရခြင်းဖြစ်သော်လည်း နိုင်ငံတကာ ကြားဝင်တိုင်းလည်း အောင်မြင်ကြသည်တော့မဟုတ်ပေ။

လတ်တလော အခြေအနေအရကြည့်လျှင်မူ စေ့စပ်ဆွေးနွေးမှုများ ပေါ်လာမည့် လက္ခဏာ ၊ လတ်တလောတွင် ဖြစ်လာမည့် အလားအလာ မတွေ့ရသေးပါ။ တဘက်နှင့် တဘက် လက်ခံနိုင်သည့် ကြမ်းခင်းစျေးပမာဏ ကွာခြားမှုကြီးနိုင်သေးသည်ကို သတိပြုမိသည်။

ရှမ်းစကားပုံ တရပ်တွင် " မြစ်ရေကြီးနေတုန်း ဆည်ဖို့ရန် မကြိုးစားနှင့် " ဟု ဆိုထားရာ ကြားဝင် ညှိပေးမည့်သူများအနေဖြင့်လည်း အခြေအနေ အချိန်တရပ်ကို စောင့်ရဖွယ်ရှိသည်။

ဆန္ဒပြပွဲ လူထုလှုပ်ရှားမှုများနှင့် ပတ်သက်၍ အောင်မြင်နိုင်ခြေ ရှိမရှိ သုံးသပ်မှုများတွင်
( က) စစ်ဘက်လုံခြုံရေးကဏ္ဍရေးရာဆိုင်ရာ အခြေခံ အကြောင်းအရာ
(ခ) နိုင်ငံတေ်ာ ကဏ္ဍဆိုင်ရာ
(ဂ) လူ့အဖွဲ့အစည်းဆိုင်ရာ အကြောင်းအရာများ ( Societal Factors)
(ဃ) ပြင်ပ နိုင်ငံများ သက်ရောက်မှု
တို့ကို အခြေခံ၍ လေ့လာသုံးသပ်မှုများ ပြုလုပ်လေ့ရှိကြသည်ကိုလည်း တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly