အမေရိကန်နဲ့ ပြဿနာတွေ ဖြေရှင်းရေး လမ်းဖွင့်ထားဟု တရုတ် ပြော 

အမေရိကန်နဲ့ ပြဿနာတွေ ဖြေရှင်းရေး လမ်းဖွင့်ထားဟု တရုတ် ပြော 

တရုတ်နိုင်ငံအနေနဲ့ အမေရိကန် အစိုးရသစ်ရဲ့ တရုတ်နဲ့ ပတ်သက်တဲ့ မူဝါဒတွေဟာ ဆက်ဆံရေးမှာ လမ်းကြောင်းမှန်ဆီ ပြန်လည်ရောက်ရှိစေဖို့ မျှော်လင့်ထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝန်ယီက ပြောပါတယ်။ 

အမေရိကန် အရင်အစိုးရ လုပ်ဆောင်ခဲ့တဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် တရုတ်နိုင်ငံဟာ ညှိနှိုင်းဆွေးနွေးပွဲတွေကို လမ်းဖွင့်ထားတယ်လို့လည်း သူက ထပ်လောင်းပြောပါတယ်။ 

“ပြီးခဲ့တဲ့နှစ် အနည်းငယ်မှာ တရုတ်-အမေရိကန် ဆက်ဆံရေးဟာ သံတမန်ဆက်ဆံရေး ထူထောင်ချိန်ကစလို့ နောက်ပိုင်းမှာ ပုံမှန်လမ်းကြောင်းကနေ သွေဖည်ပြီး ကြီးမားတဲ့ ပြဿနာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ပြဿနာရဲ့ အရင်းအမြစ်ဟာ အမေရိကန်အစိုးရဟောင်းက သူ့ရဲ့ နိုင်ငံရေးလိုအပ်ချက်တွေကနေ ဘောင်ကျော်ပြီး တရုတ်ရဲ့ အနာဂတ်လမ်းကြောင်းနဲ့ မူဝါဒကို ထိုးနှက်လာလို့ပါပဲ”ဆိုပြီး တရုတ်နဲ့ အမေရိကန်ကြား ဆွေးနွေးပွဲတွေ မြှင့်တင်ရေးကို ရည်ရွယ်တဲ့ ပေကျင်းက လန်တင်းဖိုရမ် ဖွင့်ပွဲအခမ်းအနားမှာ ဝန်ယီက ပြောပါတယ်။ 

“တရုတ်ကို နှိပ်ကွက်ထိန်းချုပ်ဖို့ အမေရိကန်ရဲ့ ရပ်တည်ရပ်ဟာ အပြန်အလှန်ဆက်ဆံရေးကို ဆိုးဆိုးဝါးဝါး ပျက်စီးစေခဲ့တယ်၊ ဒီနေ့မှာတော့ အမှားတွေကို ပြန်ပြင်ဆင်ပြီး ဆက်ဆံရေးကို မှန်ကန်တဲ့ လမ်းကြောင်းပေါ် ဆွဲတင်ရမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံအပေါ် သိရှိနားလည်စောင့်ကြည့်ပြီး နားလည်မှု အလွဲအမှားတွေကို ဦးဆုံးဖယ်ရှားရှင်းလင်းပစ်ရမှာ ဖြစ်ပါတယ်”လို့ နိုင်ငံခြားရေးဝန်ကြီး ဝန်ယီက ဆိုပါတယ်။ 

အမေရိကန်အစိုးရသစ်နဲ့ ပတ်သက်လို့ ဝန်ယီက “လက်ရှိ အမေရိကန်အစိုးရသစ်ဟာ သူ့ရဲ့ နိုင်ငံခြားရေးပေါ်လစီတွေကို ပြန်လည်သုံးသပ်နေတာကို ကျွန်တော်တို့ သိရှိပါတယ်၊ အမေရိကန် မူဝါဒချမှတ်သူတွေအနေနဲ့ လမ်းကြောင်းမှန်ပြီး ကမ္ဘာအရွှေ့နဲ့အညီ လိုက်လျောညီထွေဖြစ်မယ့် မူဝါဒတွေကို ချမှတ်နိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ တရုတ်ဆိုင်ရာ မူဝါဒဟာ ကြောင်းကျိုးဆီလျော်ပြီး နှစ်နိုင်ငံဆက်ဆံရေး တိုးတက်တည်မြဲရေးဆီ ဦးတည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”လို့ ပြောခဲ့ပါတယ်။ 

ဒါအပြင် အမေရိကန်အနေနဲ့ ထိုင်ဝမ်၊ ရှင်ကျန်း၊ တိဗက်နဲ့ ဟောင်ကောင်တို့က တရုတ်ပြည်တွင်းရေးတွေမှာ ကြားဝင်စွက်ဖက်တာကို ရပ်တန့်ဖို့နဲ့ တရုတ်ကုန်စည်တွေအပေါ် ယုတ္တိမဲ့ သွင်းကုန်စည်းကြပ်ခွန်ချမှတ်ထားတာကို ဖယ်ရှားပေးဖို့လည်း ဝန်ယီက တိုက်တွန်းပြောဆိုသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly