လူသေဆုံးမှုတွေရှိနိုင်တယ်လို့ စစ်တပ်က သတိပေးခဲ့ပေမဲ့ နိုင်ငံတစ်ဝန်း ၂၂၂၂၂ အထွေထွေသပိတ် ဆင်နွှဲ 

လူသေဆုံးမှုတွေရှိနိုင်တယ်လို့ စစ်တပ်က သတိပေးခဲ့ပေမဲ့ နိုင်ငံတစ်ဝန်း ၂၂၂၂၂ အထွေထွေသပိတ် ဆင်နွှဲ 
Photo: Lynn Bo Bo/EPA

ဖေဖော်ဝါရီ ၂၂  

စစ်တပ်က  အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြသူတွေကို သတိပေးမှုတွေရှိခဲ့ပေမယ့်လည်း လုံခြုံရေးတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုတွေကြောင့် လူလေးဦးသေဆုံးခဲ့တဲ့အပေါ် တင်းမာမှုတွေမြင့်တက်လာခဲ့ကာ တနင်္လာနေ့မှာတော့ နိုင်ငံတစ်ဝန်းက ဆန္ဒပြသူထောင်ပေါင်းများစွာဟာ ၂၂၂၂၂ အထွေထွေသပိတ်အဖြစ် လမ်းမပေါ်  တစ်ဖန် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။  

စစ်တပ်က လွန်ခဲ့တဲ့ သီတင်းပတ် သုံးပတ်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖန်းဆီးထိန်းသိမ်းပြီး အာဏာသိမ်းလိုက်တဲ့အပေါ်  ပြည်သူအများစုက မကျေမနပ်ဖြစ်ပြီး လူထုအုံကြွမှုဖြစ်လာခဲ့တာဖြစ်ပါတယ်။  

နိုင်ငံအနှံ့အပြားမှာ အုပ်စုလိုက်ချီတက်ဆန္ဒပြမှုတွေ ဖြစ်ပွားလျက်ရှိပြီး အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ကလည်း အစိုးရရဲ့လုပ်ငန်းဆောင်ရွက်မှုများစွာနဲ့ စီးပွားရေးလုပ်ငန်းအများအပြားကို ရပ်တန့်စေခဲ့ပါတယ်။ 

တနင်္ဂနွေနေ့က နိုင်ငံပိုင်မီဒီယာက ထုတ်လွှင့်ချက်မှာလည်း ဆန္ဒပြသူတွေက အထူးသဖြင့် စိတ်ခံစားချက်ပြင်းထန်တဲ့ ဆယ်ကျော်နဲ့လူငယ်တွေကို အသက်ဆုံးရှုံးမှုဖြစ်နိုင်တဲ့ ထိပ်တိုက်ရင်ဆိုင်မှု လမ်းကြောင်းပေါ် ရောက်အောင် လှုံ့ဆော်နေတယ်ဆိုပြီး ကြေညာခဲ့ပါတယ်။  

မန္တလေးမြို့မှာ လုံခြုံရေးတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် လူနှစ်ဦးသေဆုံးပြီး ရန်ကုန်မြို့မှာ လူတစ်ဦး သေနတ်ပစ်ခံရပြီးနောက် အာဏာသိမ်းမှုနောက်ပိုင်း လူသေဆုံးမှုအများဆုံး  သီတင်းပတ်မှာ ခုလိုသတိပေးခဲ့တာဖြစ်ပါတယ်။ 

 နေပြည်တော်မှာ ဆန္ဒပြမှုအတွင်း ခေါင်းမှာ ကျည်ထိခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ ဈာပနကို တနင်္ဂနွေနေ့မှာကျင်းပခဲ့ပြီး သူမဟာ အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုရဲ့ အထင်ကရသင်္ကေတတစ်ခုဖြစ်လာခဲ့ပါတယ်။ 

မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် တွမ်အင်ဒရူးစ် က အာဏာသိမ်းစစ်တပ်ရဲ့ ခြိမ်းခြောက်မှုကြောင့် အလွန်အမင်း စိုးရိမ်ကြောင်း ပြောခဲ့ပါတယ်။ 

“၁၉၈၈ ခုနှစ်ကလိုမဟုတ်ဘဲ လုံခြုံရေးတပ်ဖွဲ့ရဲ့ လုပ်ရပ်တွေကို မှတ်တမ်းတင်ထားပြီး အဲဒီအတွက် တာဝန်ယူမှု တာဝန်ခံမှု ရှိရမယ်” လို့ အာဏာသိမ်းစစ်ကောင်စီကို သတိပေးကြောင်း တွစ်တာမှာ ရေးသားခဲ့ပါတယ်။  

ရန်ကုန်မြို့က အသက် ၂၃ နှစ်အရွယ်တက္ကသိုလ်ကျောင်းသားတစ်ဦးက “ဆန္ဒပြမှုမှာ ပူးပေါင်းဖို့ ဒီနေ့ထွက်လာခဲ့တာပ။ အနိုင်ရတဲ့အထိ တိုက်ပွဲဝင်သွားမှာပါ။ ဖြိုခွင်းခံရမှာ ကျွန်တော်တို့ စိုးရိမ်ပေမဲ့ ရှေ့ဆက်လုပ်ဆောင်သွားမှာပါ။ စစ်အာဏာသိမ်းမှုကို ကျွန်တော်တို့တွေ အရမ်းဒေါသထွက်နေကြတာပါ” လို့ဆိုပါတယ်။ 

ဗဟန်းမြို့နယ်က တစ်နေရာမှာလည်း ဆန္ဒပြသူတွေဟာ ထိုင်သပိတ်ဆင်နွှဲနေကြပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်းပြသတဲ့ အဝါရောင်၊ အနီရောင် ဆိုင်းဘုတ်နဲ့ဗီနိုင်းတွေ ကိုင်ဆောင်ကာ ဆန္ဒပြလျက်ရှိပါတယ်။  

ရန်ကုန်မြို့က သံရုံးဧရိယာတွေမှာ  မနက်ကတည်းက ရဲနဲ့စစ်ကားတွေ လုံခြုံရေးအပြည့် ယူထားကြပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly