အိန္ဒိယနှင့် တရုတ် အငြင်းပွားနယ်စပ် ရေကန်ဧရိယာမှ နှစ်ဖက်တပ်များ ပြန်ရုပ်မှု အပြီးသတ်

အိန္ဒိယနှင့် တရုတ် အငြင်းပွားနယ်စပ် ရေကန်ဧရိယာမှ နှစ်ဖက်တပ်များ ပြန်ရုပ်မှု အပြီးသတ်
Photo: EPA

ဖေဖေါ်၀ါရီ ၂၂

အိန္ဒိယနှင့် တရုတ် နှစ်ဖက် တပ်ဖွဲ့၀င်များသည် အနောက်ဘက် ဟိမ၀န္တာဒေသ အငြင်းပွားနယ်စပ်ရှိ ရေကန်ဧရိယာတစ်ခုမှ တပ်ပြန်ရုပ်မှုကို အပြီးသတ်ခဲ့ပြီ ဖြစ်သည်ဟု အဆိုပါ နှစ်နိုင်ငံက ဖေဖေါ်၀ါရီ ၂၁ ရက်တွင် ပြောသည်။

ယင်းသည် နှစ်ဖက်အကြား ပွတ်တိုက်မှု ရှိသည့် အခြားသောနေရာများ၌ နှစ်ဖက်တပ်များ တပ်ခွာရေးအတွက် မြင်ကွင်းတစ်ခုကို ချမှတ်လိုက်ခြင်းလည်း ဖြစ်သည်။

ထောင်နှင့်ချီသော စစ်သားများသည် အလွန်အေးမြသော ပန်ဂွန်းဆို ရေကန် အပါအ၀င် နယ်စပ် LAC ထိန်းချုပ်မျဥ်းတစ်လျှောက် ပြီးခဲ့သည့် ဧပြီလနောက်ပိုင်းကတည်း ထိပ်တိုက်တွေ့နေခဲ့ကြသည်။

အပြည့်အ၀ တပ်ပြန်ဆုတ်မှုဆီသို့ ဦးတည်ရေး ပထမခြေလှမ်းတစ်ခုအဖြစ် တပ်ဖွဲ့၀င်များ၊ တင့်ကားများနှင့် အမြှောက်များကို ပြန်ရုပ်ရေး စတင်ရန် ယခုလအစောပိုင်းက နှစ်ဘက် စစ်တပ် တပ်မှူးများအကြား သဘောတူခဲ့ကြသည်။

တပ်ပြန်ရုပ်မှုနှင့်ပတ်သက်ပြီး သုံးသပ်ရန် နှစ်ဘက်တပ်မှူးများ စနေနေ့က တွေ့ဆုံခဲ့ကြသည်။

“ပန်ဂွန်း ဆို ရေကန်ဧရိယာမှာ ရှေ့တန်းစစ်သားတွေ တပ်ခွာမှုကို ချောချောမွေ့မွေ့ အပြီးသတ်နိုင်ဖို့ နှစ်ဖက်စလုံးက အပြုသဘောဆောင်စွာ နှိုင်းချင့်သုံးသပ်ခဲ့ပါတယ်၊ ဒါဟာ အနောက်ပိုင်း နယ်မြေက အယ်လ်အေစီမျဥ်းတစ်လျှောက် အခြားကျန်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ ဖြေရှင်းချက်နည်းလမ်းအတွက် အခြေခံကောင်းတစ်ခု ပံ့ပိုးပေးမယ့် အရေးပါတဲ့ ခြေလှမ်းတစ်ခု ဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်” ဟု ပူးတွဲ သတင်းထုတ်ပြန်ချက်တစ်စောင်တွင် ပြောသည်။

တရုတ် ထိန်းချုပ်သော အဆိုင် ချင်း ကုန်းပြင်မြင့်နဲ့ ကပ်လျက် ရှိပြီး အိန္ဒိယ၏ လာဒက်ခ် ဒေသတွင် ကျရောက်နေသည့် ‌ဝေးလံသော ဧရိယာတွင် တပ်ဖြန့်ချမှုက နှစ်နိုင်ငံအကြား ကျယ်ပြန့်သော ပဋိပက္ခတစ်ခု ဖြစ်မည့်အ‌ရေး စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်ထားစေခဲ့သည်။

ပြီးခဲ့သည့် ဇွန်လက ဂယ်လ၀မ် တောင်ကြားတွင် နှစ်ဖက်အကြား ထိပ်တိုက်တွေ့ အချင်းများမှုတစ်ခု ဖြစ်ခဲ့ရာ  ဆယ်စုနှစ်လေးစုကျော်အတွင်း အငြင်းပွားနယ်စပ်တွင် ပထမဆုံး တိုက်ခိုက်မှုအတွင်း ကျဆုံးမှုအဖြစ် အိန္ဒိယစစ်သား ၂၀ ဦး သေဆုံးခဲ့သည်။ ထိုအချင်းများ တိုက်ခိုက်မှုအတွင်း စစ်သားလေးဦး သေဆုံးခဲ့ကြောင်း တရုတ်က ယခုအပတ်ထဲ ထုတ်ပြန်ခဲ့သည်။

ရေပူစမ်းများ၊ ဂိုဂရာစခန်းနှင့် ဒပ်ဆန်းမြေပြန့်ဒေသ များအပါအ၀င် ရေရေရာရာ သတ်မှတ်မထားသော  နယ်စပ်၏ အခြားဒေသများတွင် နှစ်ဖက်တပ်ဖွဲ့၀င်များသည် နီးနီးကပ်ကပ် ဆက်ရှိနေကြောင်း တာ၀န်ရှိသူများက ပြောသည်။ နယ်စပ်ရှိ အခြေအနေနှင့်ပတ်သက်ပြီး နှစ်ဖက်တပ်မှူးများသည် ပွင့်ပွင့်လင်းလင်း နက်နက်ရှိုင်းရှိုင်း အမြင်ချင်း ဖလှယ်ဆွေး‌‌နွေးခဲ့ကြောင်း နှစ်နိုင်ငံက သတင်းထုတ်ပြန်ချက်တွင် ပြောခဲ့သည်။

“နယ်စပ်ဧရိယာတွေမှာ တည်ငြိမ်အေးချမ်းရေးကို ပူးတွဲထိန်းသိမ်းနိုင်ဖို့အတွက် နှစ်နိုင်ငံ ခေါင်းဆောင်တွေရဲ့ အရေးကြီးတဲ့ သဘောဆန္ဒအတိုင်း လိုက်လံလုပ်ဆောင်ဖို့၊ ဆက်သွယ်ချိတ်ဆက် ညှိနှိုင်းမှုတွေ ဆက်လုပ်ဖို့၊ မြေပြင် အခြေအနေကို တည်ငြိမ်အောင် ထိန်းချုပ်ဖို့၊ ကျန်ရှိနေတဲ့ ကိစ္စရပ်တွေအတွက် တည်ငြိမ်ပြီး စနစ်တကျ ရှိတဲ့ နည်းလမ်းတစ်ခုနဲ့အတူ နှစ်ဖက်စလုံးက လက်ခံနိုင်တဲ့ ဖြေရှင်းချက်နည်းလမ်းတစ်ခုရအောင် တွန်းအားပေးလုပ်ဆောင်ဖို့ကို နှစ်ဖက်စလုံးက သဘောတူခဲ့ကြပါတယ်” ဟု ၎င်းတို့က ပြောသည်။

အိန္ဒိယနှင့် တရုတ်သည် ၁၉၆၂ ခုနှစ်က စစ်ပွဲတစ်ကြိမ် တိုက်ခဲ့ပြီး နယ်စပ်သည် ရေရေရာရာ သတ်မှတ်မထားဘဲ ရှိနေခဲ့သည်။ တရုတ်စစ်သားများသည် ယမန်နှစ် ဧပြီလက LAC ၏ မိမိတို့ ဘက်ခြမ်းထဲ အတွင်းကျကျ ကျူးကျော်၀င်ရောက်ထားခဲ့ပြီး ဆယ်စုနှစ်များစွာအတွင်း အကြီးလေးအပြင်းထန်ဆုံး လိပ်ခဲတည်းလည်း အခြေအနေများကို ဖြစ်စေခဲ့ကြောင်း အိန္ဒိယက ပြောသည်။
တရုတ်ကမူ ယင်း၏ တပ်ဖွဲ့၀င်များ LAC ကို ကျူးကျော်ခြင်း မရှိဟု ခုခံပြောဆိုခဲ့ပြီး အိန္ဒိယ လုံခြုံရေးအစောင့်တပ်ဖွဲ့၀င်များကသာ ရန်စသည့် အပြုအမူများ လုပ်ထားခဲ့ကြောင်း ပြန်လည်စွပ်စွဲထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly