လွတ်လပ်ခွင့် လမ်းကျဉ်းထဲ မိစ္ဆာရေနဂါးကို ဘယ်လိုထိန်းကြမလဲ

လွတ်လပ်ခွင့် လမ်းကျဉ်းထဲ မိစ္ဆာရေနဂါးကို ဘယ်လိုထိန်းကြမလဲ
စစ်တပ် အာဏာသိမ်းမှု ဆန့်ကျင်နေကြသော လူထု (ပုံ- AFP)

ပါမောက္ခ Daron Acemoglu ကတော့ လွတ်လပ်ခွင့် Liberty ဆိုတာ ကျဉ်းမြောင်းတဲ့ လျှောက်လမ်း (Corridor ) ကနေ တဆင့်ပဲ သွားရတာလို့ ဆိုဖူးတယ်။ ဒီလျှောက်လမ်းက ကျဉ်းတော့ အလွယ်တကူ အောင်နိုင်ဖို့လည်း မလွယ်ဘူးလို့ သူက မှတ်ချက်ပြုတယ်။

နိုင်ငံတွေ၊ လူ့အဖွဲ့အစည်းတွေ ဖွဲ့စည်းမှု ပုံသဏ္ဍာန်တွေအပေါ်မူတည်ပြီး လွတ်လပ်ခွင့်ဆိုတာ ခံစားခွင့်ရ၊ မရ အဆုံးအဖြတ်ပေးတယ်လို့ သူက ဆိုတယ်။

ဒီမိုကရေစီ ကူးပြောင်းရာမှာ ဗဟိုက အားကောင်းတဲ့ အစိုးရ တစ်ရပ်လိုတယ်။ ဖက်ဒရယ်စနစ်မှာလည်း ဗဟိုမှာ သန်မြန်တဲ့ အစိုးရ တစ်ရပ်လိုသလို အာဏာရှင်စနစ် အားကောင်းဖို့ ဆိုရင်လည်း ဗဟိုမှာ မိစ္ဆာရေနဂါးကြီး Leviathan ပမာ အားကောင်းတဲ့ ဗဟိုအုပ်ချုပ်မှု စနစ်လိုပါသတဲ့။ ဥပမာအားဖြင့် လွတ်လပ်မှု မြင့်တဲ့ အမေရိကန်နဲ့ လွတ်လပ်ခွင့် နိမ့်ပါးလွန်းတဲ့ အာဏာရှင် တရုတ်နိုင်ငံတို့ဟာ ဗဟိုမှာ သန်မာတဲ့ မိစ္ဆာရေနဂါးပမာ အားကောင်းတဲ့ အုပ်ချုပ်မှု စနစ်ရှိတဲ့ နိုင်ငံတွေဖြစ်ကြတယ်။

အမေရိကန် ဖက်ဒရယ်စနစ်မှာတော့ လူများစု အုပ်ချုပ်ရေးနဲ့ လူနည်းစု အခွင့်အရေး ချိန်ခွင်လျှာ ဟန်ချက်ညီ စေတဲ့ ဖက်ဒရယ်လစ် (၁၀) စာတမ်းဟာ ဗဟိုအားကောင်းတဲ့ အစိုးရနဲ့ ပြည်နယ်တွေရဲ့ လွတ်လပ်ခွင့် ၊ လွတ်လပ်စွာ တည်ရှိတဲ့ အုပ်ချုပ်မှုတွေအကြား ထိန်းထားပေးတာမျိုး ဖြစ်တယ်။

ဥပမာအားဖြင့်- ဖက်ဒရယ်ရဲ့ ဗဟိုပါ၀ါဟာ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်ပါ၀ါကို နုတ်ပယ်ချွတ်ခြုံကျ စေတာမျိုး မဖြစ်ရပါ။ ဖက်ဒရယ် ယူနစ်တွေ ၊ ပြည်နယ်တွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတွေကလည်း ဒေသတွင်းမှာ အာဏာသောင်းကျန်းတာ ( ဥပမာ- ပိုက်ဆံရိုက်တာ ၊ ဘိန်းကုန်ကူး ၊ မှောင်ခိုချ တာမျိုးတွေ မဖြစ်အောင် ) ဗဟို အစိုးရက ချုပ်ကိုင်ထားနိုင်ရမယ်။ လူတွေရဲ့ လွတ်လပ်ခွင့်လည်း ရှိရမယ်။ ဗဟိုရဲ့ အဲဒီ ဖက်ဒရယ် ယူနစ်တွေအပေါ် အာဏာသက်ရောက်နိုင်မှုကို ပင်လယ်ထဲက ကြောက်မက်ဖွယ် ရေနဂါးပမာ Shackled Leviathan တင်စားတာ ဖြစ်တယ်။

ဥပမာအားဖြင့် တရုတ်မှာ လူမှန် နေရာမှန်ရွေးတဲ့ ဗျူရိုကရေစီစနစ်မျိုးကို နှစ်ထောင်ချီကတည်းက အစပြုထား ခဲ့ပေမယ့် နှစ်ထောင်နဲ့ချီ လာဘ်စားမှု အကျင့်ပျက်ခြစားမှု ၊ ရာထူးနေရာဌာနအတွက် လာဘ်ထိုးရမှုတွေ ရှိနေ ခဲ့တာပါ။

ကလေးကျောင်းထားလို့ အတန်းထဲက ရှေ့ဆုံးတန်းမှာ ထိုင်ခွင့်ရဖို့တောင် ငွေပေးရတဲ့ စနစ်မျိုးဖြစ်နေတယ်။ အစိုးရကို ကြောက်လို့ ဘာမှ မပြောကြပေမယ့် အစိုးရ ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေ သတင်းအချက်အလက် တွေအပေါ် ပြည်သူက ယုံကြည်မှုလည်း နည်းပါသတဲ့။ ကြောက်လို့သာ စောဒက မတက်ကြတာပါ။

ပြန်ကြည့်ရင် တရုတ်အနေနဲ့ ဗဟိုအားကောင်းတဲ့ အစိုးရရှိနေပေမယ့် US နဲ့ စကင်ဒီနေးဗီးယန်း နိုင်ငံတွေ လောက် ဗဟိုအုပ်ချုပ်မှု အားမကောင်းသလို လွတ်လပ်မှုလည်း မရှိပါ။ အကျင့်ပျက်ခြစားမှုလည်း ပိုများပါတယ်။

တရုတ်မှာ ဒီလိုစနစ်တွေ ဘာကြောင့်ဖြစ်နေသလဲ ဆိုတာကတော့ ဗဟိုက မိစ္ဆာ ရေနဂါးပမာ အားကောင်းတဲ့ အစိုးရနဲ့ အုပ်ချုပ်မှုစနစ်အပေါ် တိုင်းသူပြည်သားတွေက တွန်းအားပေးမှု မရှိခြင်း၊ ပါဝင် ထိတွေ့ ပူးပေါင်း ဆောင်ရွက်ခြင်း မရှိမှု ( Engage and Co-operation )၊ ဗဟိုပါဝါအာဏာအတွက် ပြိုင်ဆိုင်မှု မရှိတာတွေ ကြောင့်လို့ ဆိုတယ်။

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်နေကြသည့် လူထုနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်(ပုံ-AFP)

ကြမ်းကြုတ်ရက်စက်တဲ့ အစိုးရတွေ ရပ်တည်လို့ရတာဟာ လူအဖွဲ့အစည်းအနေနဲ့ နိုင်ငံတော်ရဲ့ မူဝါဒတွေ အပေါ် သြဇာလွှမ်းမှုမရှိတာနဲ့ အရေးယူ ဆောင်ရွက်မှု မရှိတာကြောင့်လည်း ဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုစနစ်တွေ ရှင်သန်သလဲဆိုတာ လူတွေ အညံ့ခံလို့ပါတဲ့။

တစ်ခါတစ်ခါ တကယ်ပဲ ပတ်ဝန်းကျင် အခြေအနေအရ ဖြစ်နေတဲ့ မင်းမဲ့စရိုက်တွေအရဖြစ်စေ ၊ ဖန်တီးထားလို့ ဖြစ်စေ မလုံခြုံမှုကနေဖြစ်စေ လူတွေအနေနဲ့ မိစ္ဆာရေနဂါးကြီးကို အညံ့ခံလိုက်ရတာက တဆင့် ရက်စက် ကြမ်း ကြုတ်တဲ့ စနစ်တွေ တည်မြဲသွားတာတွေလည်း ရှိပါတယ်။ အဲဒီလို ကိစ္စတွေထဲမှာ အာဏာပိုင်စနစ် တည်မြဲ အောင် ခြောက်ရင်း တည်ဆောက်မှုတွေလည်း ပါနိုင်တာပါ။

လူအဖွဲ့အစည်းအတွင်း ဗဟိုက မိစ္ဆာရေနဂါးလို အားကောင်းတဲ့ အုပ်ချုပ်မှု မရှိရင်လည်း တစ်ယောက်နဲ့ တစ်ယောက်အကြားမှာ အကြမ်းဖက်မှု ပဋိပက္ခတွေ ဖြစ်နေမှာဖြစ်ပါတယ်။ သို့သော် အဆိုပါ အားကောင်းတဲ့ အုပ်ချုပ်မှုကလည်း ထိန်းတဲ့စနစ်တွေ မတည်ဆောက်ထားရင် (သို့မဟုတ် ) လူတွေက အဲစနစ်ကို လက်ခံပြီး ဗဟိုပါဝါအတွက် ပြိုင်ဆိုင်မှု မရှိရင် ( သို့တည်းမဟုတ် ) အပြိုင်လိုက်ထိန်းနိုင် ပြိုင်နိုင်အောင် မကြိုးစားရင် အဲဒီ ကြမ်းကြုတ်ရက်စက်တဲ့ အစိုးရတွေက အားကောင်းမောင်းသန် ဆက်လည်ပတ်နေမှာ ဖြစ်ပါတယ်။

တစ်ခါတစ်ခါ ကျွန်တော်တို့ တိုင်းပြည်မှာ တိုင်းပြည်ချောက်ထဲကျမှာ စိုးလို့ ၊ သို့တည်းမဟုတ် မင်းမဲ့စရိုက်တွေ ကြောင့်မို့လို့ ထိန်းသိမ်းလိုက်တာ စသဖြင့် အကြောင်းပြချက်မျိုးစုံ ကြားခဲ့ဖူးပါတယ်။

တကယ်က ပစ်ခတ်ဖြိုခွင်းလို့ ဖြစ်ဖြစ် ကြောက်လို့ပဲဖြစ်ဖြစ် မင်းမဲ့စရိုက်ကြောင့် အုပ်စိုးသူရှိတာ မဆိုးဆိုတဲ့ အယူအဆကို လက်ခံလိုက်ခြင်းကြောင့်ဖြစ်ဖြစ် အညံ့ခံလိုက်လို့ ဖြစ်ရတာပါ။

Hobbes Dilemma ဆိုတဲ့ Thomas Hobbes ရဲ့ အယူအဆအရတော့ လူတွေဟာ နိုင်ငံတွေ မပေါ်ခင် အုပ်ထိန်းမယ့်သူ မရှိလို့ အချင်းချင်း လုယက်ကြတယ်။ သတ်ဖြတ်ကြတယ် အဲလို အခြေအနေ မနေချင်သူတွေ က သြဇာညောင်း ပိုမိုထိန်းနိုင်တဲ့ အုပ်ချုပ်သူကို တင်မြှောက်တယ်။ ကိုယ့်အခွင့်အရေး ဆုံးမယ်မှန်း သိလျက်နဲ့ အားကိုးရတာမျိုးကို ဆိုလိုတာ။ အရေးတော်ပုံတွေ ဖြိုခွင်းရာမှာဖြစ်ဖြစ် လူထုလှုပ်ရှားမှုတွေ ဖြိုခွင်းရာမှာဖြစ်ဖြစ် အာဏာရှင်တွေဟာ အဲဒီ Hobbes Dilemma ကို သုံးလေ့ရှိတယ်။ ပတ်ဝန်းကျင် မလုံခြုံဘူး ဆိုပြီး စိတ်မချရ အောင် လုပ်ပြ ၊ တစ်ဘက်မှာ ရက်စက်ပြနဲ့ တစ်ဘက်မှာလည်း မပြောင်းသေးဘဲ တကယ်ရှိနေတဲ့ ကြမ်းကြုတ် ရက်စက်တဲ့ စနစ်ကို ပြောင်းလဲသွားသယောင် သူ့ဆီဝင်ရင်ပဲ လူတွေ လုံခြုံသွားသယောင် လုပ်လေ့ရှိတယ်။

ဆောင်းပါး အစပိုင်းမှာ စခဲ့သလိုပဲ ဗဟိုအားကောင်းတဲ့ အစိုးရချင်း အတူတူ ဘာကြောင့် အမေရိကန်တွေက လွတ်လပ်မှု ၊ ဖွံ့ဖြိုးမှု ၊ အုပ်ချုပ်ရေးစနစ် ပိုကောင်းတဲ့ စနစ်တွေရ သလဲဆိုတာကို ဒီနေရာမှာ ပြောပြပါ့မယ်။ ဘာကြောင့် အုပ်ချုပ်မှု မိစ္ဆာရေနဂါးကို ထိန်းနိုင်သလဲဆိုတာက အစပါ။

ပထမတချက်က အမေရိကန်တွေရဲ့ ဥပဒေပြုရေးဟာ စတည်ထောင်ကတည်းက အားကောင်းပြီး ဖက်ဒရယ် အစိုးရတွေ ၊ ရွေးကောက်ပွဲဆိုင်ရာ အုပ်ချုပ်မှု အဖွဲ့အစည်းတွေ ၊ တရားစီရင်ရေး ကဏ္ဍတွေအပေါ် ထိန်းထေ နိုင်စွမ်း ရှိတယ်။

ဒုတိယ တချက်ကတော့ အမေရိကန် ပြည်သူတွေဟာ အမေရိကန်မြေအပေါ် လာအခြေချစဉ် ဗြိတိသျှခေတ် ကတည်းက မတရားတဲ့ အုပ်ချုပ်သူ၊ အာဏာပိုင်မှန်သမျှကို သူပုန်ထဖို့ အမြဲ အသင့်ရှိနေပြီး လွတ်လပ်မှုကို မြတ်နိုးတာကြောင့်လို့ ဆိုပါတယ်။

အခု ကျွန်တော်တို့ လက်ရှိ အခြေအနေအရတော့ အာဏာမဏ္ဍိုင်တွေဟာ တစ်စုံတစ်ခု ၊ တစ်ဖွဲ့ဆီ ရောက်ရှိ သွားပြီး အပြန်အလှန် စနစ်တွေ မရှိတော့ပါ။ ဗဟိုအားကောင်းတဲ့ အစိုးရတစ်ရပ်ဖြစ်ဖို့ တာစူနေတာဖြစ်ပြီး အဲဒီ မိစ္ဆာ ရေနဂါးကြီးဟာ လွတ်လပ်မှု Liberty အတွက် အာမခံမယ့် နဂါးတော့ မဟုတ်ပါ။

လူထု လှုပ်ရှားမှုတွေကတော့ ဆက်ကျန်နေတယ်။ ဒီလှုပ်ရှားမှုကနေပဲ ဘယ်လို စနစ်မျိုး သွားမလဲဆိုတာ ပုံဖော်တော့မှာဖြစ်ပါတယ်။

စစ်တပ် အာဏာသိမ်းမှု ဆန့်ကျင်နေကြသော လူထု (ပုံ- AFP)

တကယ်တော့ လွန်ခဲ့တဲ့ နှစ် ၃၀ ကျော် ၈၈၈၈ (လေးလုံး)မှာ လူထု ကျဆုံးမှုဟာ အထွေထွေ သပိတ်ကျဆုံးမှု သက်သက်မကပဲ လူထုတိုက်ပွဲဝင်စိတ်တွေ အညွှန့်တွေပါ ဦးချိုးကျဆုံး ကုန်ခဲ့တာ ဖြစ်ပါတယ်။

လူထုတော်လှန်ရေးမှာ တစ်ဘက်က သူ့ကစားကွက်အတိုင်း လိုအပ်တဲ့အချိန်မှာ လူတွေ လမ်းပေါ် သိပ်မထွက် တော့အောင် တခြား အာရုံတွေ ထွေပြားအောင် ကစားသွားနိုင်ခဲ့တယ်။

ခြိမ်းခြောက်တာ ၊ အကြပ်ကိုင်တာ ၊ ဖိနှိပ်တာ ၊ ဆိုက်ဝါးတွေနဲ့ ကစားတာတွေ အပါအဝင်ပါ။

လက်ရှိအချိန်မှာ လိုအပ်နေမှုက ပါဝါ လေဟာနယ် ဖြည့်နိုင်ရေး ၊ လူထု အုပ်ချုပ်မှုအဖြစ် စနစ်တကျ အသွင် ပြောင်း နိုင်ရေး ၊ အရေးတော်ပုံကို လူထု အာရုံဝင်စား ပူးပေါင်းပါဝင်မှု မကျသွားစေဘဲ ထိန်းထားနိုင်ရေး Sustain ၊ နိုင်ငံရေးအရ ဦးတည်ချက်မှန်ကန်ရေး နဲ့ အုပ်စုအလိုက် တောင်းဆိုချက် ကွာဟလွန်းတာမျိုး မဖြစ် စေရေး ၊ လူထုအနေနဲ့ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ရေးအတွက် လူ့အဖွဲ့အစည်းအကြား ချိတ်ဆက်မှု အားကောင်းရေး ၊ စည်းကမ်းသေဝပ်မှု ၊ ဗျူဟာကျကျ တုံ့ပြန်နိုင်စွမ်းတွေအပေါ် မူတည်ပါတယ်။

မအောင်မြင်ခဲ့တဲ့ ၈၈၈၈ (လေးလုံး)အရေးတော်ပုံက ၁၉၈၀ ပြည့်နှစ် ပိုလန် လူထုလှုပ်ရှားမှုနဲ့ ဆင်ပါတယ်။ အရေးတော်ပုံ ကြာလာတဲ့အခါမှာ လူထုက အီလာတယ်။ မလုံခြုံမှုတွေ ရှိလာတာ ၊ စားဝတ်နေရေး အခက်အခဲ ပြဿနာတွေကို မခံနိုင်ဖြစ်လာပြီး စစ်အုပ်ချုပ်မှု အောက်မှာ ပုံမှန်ဘဝတွေကို ပြန်စချင်တဲ့ ကိစ္စတွေကြောင့် ဖြစ်ပါတယ်။

၈၈၈၈ (လေးလုံး)အရေးတော်ပုံမှာ လူများစုဖြစ်နေတဲ့ တောင်သူလယ်သမားတွေ အများကြီးပါအောင် မစည်း ရုံးနိုင်တာ ၊ တိုင်းရင်းသား အင်အားစုတွေ နဲ့ ချိတ်ဆက်နိုင်မှု အားနည်းတာ ၊ တပ်မတော်သားတွေ ပါဝင်လာမှု အားနည်းတာ စစ်တပ်ရဲ့ သဘောတရားကို နားမလည်ခြင်းနဲ့ သူ့အားနည်းချက် မရှာနိုင်ခြင်း ၊ ဆွေးနွေးရမယ့် အချိန်မှာ ဒေါက်တာ မောင်မောင် ကမ်းလှမ်းချိန် ဆွေးနွေးညှိနှိုင်းနိုင်မှု မလုပ်နိုင်ခဲ့တာ ၊ သပိတ်ကို ဦးဆောင်တဲ့ ကျောင်းသား အဖွဲ့အစည်းတွေ မညီညွတ်တာ ၊ ကြားဖြတ်အစိုးရဖွဲ့ဖို့ နောက်ကျမှု တို့က ထင်သာတဲ့ သာဓက တွေပဲဖြစ်ပါတယ်။

၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကတော့ ၁၉၈၈ လောက်ကလို အတိုက်အခံအုပ်စု အားမကောင်းတော့တဲ့ အပြင် အုပ်ချုပ်သူရဲ့ အဓိကကျတဲ့ ပါဝါစင်တာနဲ့ ခံတပ်လို့ ဆိုနိုင်တဲ့ အုပ်ချုပ်ရေးမြို့တော်က နေပြည်တော်ကို ရောက်သွားတာကလည်း တစ်ခုအပါဝင်ဖြစ်ပါတယ်။

အခုတစ်ပွဲကတော့ အုပ်စိုးသူအပေါ် လူထုထောက်ခံမှု အလွန်အမင်း ဆိုးဆိုးရွားရွား ကျဆင်းနေတာ ၊ လူငယ် တွေနဲ့ နည်းပညာရေခံမြေခံ ၊ နိုင်ငံတကာနဲ့ မီဒီယာရှေ့မှာ ကစားရတာတွေကတော့ အားသာချက်တွေပဲ ဖြစ် ပါတယ်။

စစ်တပ် သဘောထားကလည်း အရေးပါပေမယ့် လူထု နှလုံးရည် ကြံ့ခိုင်မှုနဲ့ လူထုရဲ့ ရုန်းကန်တောင့်ခံနိုင်စွမ်း Resilience က အရေးတော်ပုံအတွက် အဆုံးအဖြတ် ဖြစ်လာပါလိမ့်မယ်။

ကိုးကား Daron Acemoglu, James A. Robinson; The Narrow Corridor

Zoltan Barany Why Armies Respond to Revolutions and Why 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly