မြန်မာနိုင်ငံတွင် ဆန္ဒပြသူများအပေါ် အကြမ်းဖက်နှိမ်နင်းခြင်းက လက်ခံနိုင်စရာ မရှိဟု ထိုင်၀မ် ပြော

By Focus Taiwan
21 February 2021
မြန်မာနိုင်ငံတွင် ဆန္ဒပြသူများအပေါ် အကြမ်းဖက်နှိမ်နင်းခြင်းက လက်ခံနိုင်စရာ မရှိဟု ထိုင်၀မ် ပြော
Photo: EPA

ဖေဖေါ်၀ါရီ ၂၁

ဒီမိုကရေစီ လိုလားသော ဆန္ဒပြသူများအပေါ် မြန်မာစစ်တပ်၏ သွေးထွက်သံယိုနှိမ်နင်းဖြိုခွင်းမှုက ဒီမိုကရေစီကမ္ဘာကြီးအတွက် လက်ခံနိုင်စရာ မရှိကြောင်း ထိုင်၀မ် နိုင်ငံခြားရေး၀န်ကြီးဌာနက ဖေဖေါ်၀ါရီ ၂၁ ရက်တွင် ထုတ်ပြန်သွားခဲ့သည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ဆန္ဒပြလူအုပ်ကို စစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့၀င်များဘက်က လူ့အသက်သေစေသည်အထိ အင်အားသုံးအကြမ်းဖက်ခဲ့မှုက နိုင်ငံတကာ အသိုင်းအ၀ိုင်းကို တုန်လှုပ်စေခဲ့ကြောင်း ထိုင်၀မ် နိုင်ငံခြားရေး၀န်ကြီးဌာန (MOFA) ၏ သတင်းထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြသည်။

“အဲဒီလိုမျိုး လုပ်ရပ်တွေက အင်မတန် ၀မ်းနည်းစရာ ကောင်းပါတယ်၊ ဒီလိုလုပ်ရပ်မျိုးတွေဟာ ဒီမိုကရေစီ နိုင်ငံတွေနဲ့ အစိုးရတွေအတွက်ကတော့ လုံး၀ လက်မခံနိုင်စရာပါပဲ” ဟု MOFA က ပြောသည်။

မြန်မာ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့သည် စနေနေ့က နိုင်ငံတွင် စစ်အုပ်ချုပ်ရေး အဆုံးသတ်ရေး တောင်းဆိုဆန္ဒပြနေကြသူများကို ပစ်ခတ်ခဲ့သည့်အတွက် အနည်းဆုံး လူ နှစ်ဦး သေဆုံးပြီး ၂၀ ဦးခန့် ဒဏ်ရာ ရရှိခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့် ဖေဖေါ်၀ါရီ ၉ ရက် နေပြည်တော် ဆန္ဒပြပွဲတစ်ခု၌ ပစ်ခတ်ခံရပြီး ဦးခေါင်း၌ ကျည်ထိမှန်ခဲ့သော အသက် ၂၀ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကိုလည်း သေဆုံးကြောင်း ပြီးခဲ့သည့် သောကြာနေ့တွင် ဆရာ၀န်များက ကြေညာခဲ့သည်။

မြန်မာနိုင်ငံတွင် ဖေဖေါ်၀ါရီ ၁ ရက်က စစ်တပ်က အာဏာသိမ်းပြီး အရေးပေါ် အခြေအနေတစ်နှစ် ကြေညာကာ အရပ်သားခေါင်းဆောင် ‌ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ တာ၀န်ရှိသူများကို ထိန်းသိမ်းခဲ့ပြီးနောက်ပိုင်းကတည်းက နိုင်ငံတ၀န်း ဆန္ဒပြပွဲများ ဖြစ်ပေါ်လျက် ရှိသည်။

မြန်မာတွင် တင်းမာမှုများ မြင့်တက်နေမှုအတွက် စိုးရိမ်ပူပန်ကြောင်း၊ ဆွေးနွေးတိုင်ပင်မှုနှင့် ငြိမ်းချမ်းသော နည်းလမ်းများကနေတဆင့် နိုင်ငံရေးအငြင်းပွားမှုများကို ဖြေရှင်းရေး မြန်မာစစ်တပ်ကို တိုက်တွန်းတောင်းဆိုကြောင်း ထိုင်၀မ် နိုင်ငံခြားရေး၀န်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေအတွင်း မြန်မာနိုင်ငံရောက် ထိုင်၀မ်သားများ ထိခိုက်ဒဏ်ရာရသည့် သတင်းများ မရှိကြောင်း ထိုင်၀မ် ကိုယ်စားလှယ်ရုံး၏ သတင်းအချက်အလက်များကို ကိုးကားပြီး အဆိုပါ ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

မြန်မာရောက် ထိုင်၀မ်သားများ နိုးနိုးကြားကြား ရှိကြရန်နှင့် အခက်အခဲ ကြုံတွေ့သူများအနေဖြင့် + ၉၅-၉-၂၅၇-၂၅၇-၅၇၅ ကို ခေါ်ဆိုပြီး ထိုင်၀မ် ကိုယ်စားလှယ်ရုံးကို ဆက်သွယ်အကူအညီတောင်းနိုင်ကြောင်း ၀န်ကြီးဌာနက အကြံပေးခဲ့သည်။

အလားတူ မြန်မာနိုင်ငံမှ ထိုင်၀မ်သား ၅၀ ဦးခန့်ကို တင်ဆောင်လာသည့် China Airlines (CAL) လေကြောင်းခရီးစဥ်တစ်ခုသည် တနင်္ဂနွေ မွန်းလွဲပိုင်းတွင် တိုင်ပေသို့ ဆိုက်ရောက်ရန် ရှိနေခဲ့ကြောင်း သိရသည်။

နေရပ်ပြန်လိုသည့် မြန်မာရောက် ထိုင်၀မ်သားများအတွက် CAL က စီစဥ်ပေးထားသည့် လေကြောင်းခရီးစဥ် သုံးခုအနက် ပထမဆုံး ခရီးစဥ်သည် ရန်ကုန်မြို့မှ မနက် ၁၁ နာရီခန့်တွင် ထွက်ခွာပျံသန်းခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required