မန္တလေး ဆန္ဒပြပွဲ ဖြိုခွင်းခံရပေမယ့် ရန်ကုန်နဲ့ မန္တလေးမှာ လမ်းပေါ်ထွက် ဆက်လက်ဆန္ဒပြ

မန္တလေး ဆန္ဒပြပွဲ ဖြိုခွင်းခံရပေမယ့် ရန်ကုန်နဲ့ မန္တလေးမှာ လမ်းပေါ်ထွက် ဆက်လက်ဆန္ဒပြ

မန္တလေးမြို့မှာ မနေ့က လူနှစ်ဦးသေဆုံးခဲ့ရတဲ့ ဆန္ဒပြပွဲကို ရဲနဲ့ စစ်တပ်က အကြမ်းဖက်ဖြိုခွင်းမှု ဖြစ်ထားခဲ့ပေမယ့် ဆန္ဒပြသူတွေဟာ ဒီကနေ့မှာလည်း လမ်းပေါ်ထွက်ပြီး ဆက်လက်ဆန္ဒပြကြပါတယ်။

ရတနာပုံသင်္ဘောကျင်းမှာ ဆန္ဒပြသူတွေကို ရဲနဲ့ စစ်တပ်ရဲ့ ဖြိုခွင်းမှုမှာ အာဏာသိမ်းပြီး သီတင်းနှစ်ပတ်အတွင်းမှာ လူသေဆုံးဒဏ်ရာရမှု အများဆုံးဖြစ်ခဲ့ပြီး ဒီအတွက် ကုလသမဂ္ဂက အာဏာသိမ်းစစ်အုပ်စုကို ရှုတ်ချထားပါတယ်။

ဆန္ဒပြသူတွေဟာ CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ရေး လှုံ့ဆော်စာတမ်းတွေကို ကိုင်ဆောင်ထားကြသလို အောင်ပွဲအထိမ်းအမှတ်အနေနဲ့ အောင်သပြေပန်းတွေကိုလည်း ကိုင်ဆောင်ထားကြပါတယ်။ စစ်တပ်ရဲ့ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေကိုလည်း ကိုင်ဆောင်ကြပါတယ်။

စနေနေ့က ရတနာပုံ သင်္ဘောကျင်းမှာ CDM လှုပ်ရှားမှုအတွင်း ပါဝင်သူတွေကို လာရောက်ဖမ်းဆီးတာကို ဆန္ဒပြသူတွေက စုရုံးတားဆီးကြတာကို ရဲနဲ့ စစ်သားက ကျည်စစ်တွေ ရာဘာကျည်တွေနဲ့ ပစ်ခတ်လို့ သင်္ဘောကျင်းအတွင်း ဝင်ရောက်စီးနင်းမှုဟာ အကြမ်းဖက်ဖြိုခွင်းမှုအသွင် ကူးပြောင်းခဲ့ရာက ကျည်ဆန်ထိမှန်ပြီး လူ နှစ်ဦး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ခုလို အကြမ်းဖက်ဖြိုခွင်းခံရပေမယ့်လည်း မန္တလေးမှာ ဆန္ဒပြပွဲတွေ ဆက်ရှိနေသလို ရန်ကုန်မှာလည်း လူထောင်ပေါင်းများစွာဟာ လမ်းပေါ်ထွက်ပြီး အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြကြပါတယ်။

တစ်ချို့ဆန္ဒပြသူတွေကတော့ နေပြည်တော်ဆန္ဒပြပွဲမှာ သေနတ်ပစ်ခတ်ခံရလို့ ဦးခေါင်းထိမှန်ပြီး ပထမဆုံး သေဆုံးခဲ့ရတဲ့ ဆန္ဒပြသူ မမြသွဲ့သွဲ့ခိုင်အတွက် ဆုတောင်းပေးကြပါတယ်။ မမြသွဲ့သွဲ့ခိုင်ဟာ သူ့ အသက် ၂၀ ပြည့် မွေးနေ့ရောက်ဖို့ ရက်ပိုင်းအလိုမှာ ခုလို သေဆုံးခဲ့ရတာ ဖြစ်ပြီး သူရဲ့ နာရေးကိုတော့ နေပြည်တော်မှာ ဒီကနေ့ တနင်္ဂနွေနေ့မှာပဲ ပြုလုပ်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်ဟာ အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးခဲ့ချိန်ကစလို့ နိုင်ငံရဲ့ နယ်မြေဒေသ တော်တော်များများမှာ တော်လှန်ဆန့်ကျင်မှုတွေ ဖြစ်ပွားပေါ်ပေါက်နေပြီး စစ်အာဏာသိမ်းအုပ်စုကို ဆန့်ကျင်ပြီး လမ်းတွေပေါ်မှာ လူပေါင်းများစွာဟာ ဆန္ဒပြပွဲတွေ ဆင်နွှဲလျက် ရှိနေပါတယ်။

အာဏာသိမ်းပြီးချိန်ကစလို့ အာဏာပိုင်တွေဟာ လူ ရာပေါင်းများစွာကို ဖမ်းဆီးထားပြီး အများစုကတော့ CDM လှုပ်ရှားမှုမှာ ပါဝင်ပြီး လုပ်ငန်းခွင်မဆင်းဘဲ သပိတ်မှောက်ကြတဲ့ အစိုးရဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly