ထိုင်းအစိုးရကို ဆန့်ကျင်ပြီး လွှတ်တော်ရှေ့မှာ သံပုံးတီး ဆန္ဒပြ 

ထိုင်းအစိုးရကို ဆန့်ကျင်ပြီး လွှတ်တော်ရှေ့မှာ သံပုံးတီး ဆန္ဒပြ 
Photo: EPA

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနဲ့ ၎င်းရဲ့ အစိုးရအဖွဲ့ကို လွှတ်တော်မှာ လေးရက်ကြာ အချေအတင် ဆွေးနွေးခဲ့တဲ့ အယုံအကြည်မရှိအဆို ရှုံးနိမ့်သွားပြီးတဲ့နောက်မှာတော့ ဘန်ကောက်က လွှတ်တော်ရှေ့မှာ လူငယ်တွေဦးဆောင်ပြီး စနေနေ့က အစိုးရဆန့်ကျင်ရေး ဆန္ဒပြကြပါတယ်။ 

အယုံအကြည်မရှိ အဆို ရှုံးနိမ့်သွားတာအတွက် ဝန်ကြီးချုပ် ချန်အိုချာအစိုးရဟာ နိုင်ငံကို ဆက်လက်စီမံအုပ်ချုပ်သွားမယ့်အရေးကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေဟာ ပွဲလမ်းသဘင်တက်သလို အဆင်အပြင်တွေနဲ့ ဗုံတွေ၊ သံပုံးတွေ တီးကြပြီး ဆန္ဒပြကြတာပါ။  

ဒါအပြင် ပုဒ်မ ၁၁၂ လို့ သိထားတဲ့ တော်ဝင်အမိန့်ဥပဒေကို ဖျက်သိမ်းဖို့နဲ့ အဲဒီ ဥပဒေနဲ့ ဖမ်းဆီးထားတဲ့ ဆန္ဒပြခေါင်းဆောင်တွေကို ပြန်လွှတ်ပေးရေးကိုလည်း လက်မှတ်ရေးထိုး တောင်းဆိုကြပါတယ်။ 

ပြီးခဲ့တဲ့ သောကြာနေ့က လေးရက်မြောက်အဖြစ် လွှတ်တော်ထဲမှာ ဝန်ကြီးချုပ် ချန်အိုချာကို အယုံအကြည်မရှိအဆိုကို အချေအတင် ဆွေးနွေးခဲ့ကြတာဖြစ်ပြီး အတိုက်အခံအမတ်တွေဟာ အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်ခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့် အဆိုကို မဲပေးရာမှာ ရှုံးနိမ့်သွားတာကြောင့် ခုလို လူငယ်တွေ ဦးဆောင်တဲ့ လွှတ်တော်ရှေ့က ဆန္ဒပြပွဲ ဖြစ်ပွားလာခဲ့တာပဲ ဖြစ်ပါတယ်။ 

“ကျွန်တော်တို့ လိုချင်တာကို တစ်နှစ်၊ နှစ်နှစ်အတွင်းတော့ ရနိုင်မှာ မဟုတ်ဘူး၊ ဒီ တိုက်ပွဲကို ကျွန်တော်တို့ ငြိမ်းချမ်းစွာနဲ့ ဉာဏ်သုံးပြီး နည်းမျိုးစုံနဲ့ တိုက်ပွဲဝင်သွားမယ်”ဆိုပြီး အသက် ၂၄ နှစ်အရွယ် ဆန္ဒပြသူ ပါနုပေါင်က ပြောပါတယ်။ 

ဆန္ဒပြအမျိုးသမီးတစ်ဦးဖြစ်တဲ့ အန်ဆိုသူကလည်း “အာဏာပိုင်တွေဟာ ဘုရင်စနစ်အကြောင်း ကျွန်မတို့တွေ ပြောဆိုဝေဖန်တာကို တားဆီးဖို့ ပိုလုပ်နေတယ်လို့ ခံစားရတယ်၊ ပြည်သူတွေက ဘာကြောင့်ဆိုတဲ့ မေးခွန်းတွေ မေးနေပေမယ့် သူတို့ဖက်မှာ ရှင်းပြချက် မရှိဘူး”ဆိုပြီး ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly