လူသေဆုံးတဲ့အထိ အကြမ်းဖက်မှုအတွက် မြန်မာအာဏာသိမ်းစစ်အုပ်စုကို ကုလ ရှုတ်ချ

လူသေဆုံးတဲ့အထိ အကြမ်းဖက်မှုအတွက် မြန်မာအာဏာသိမ်းစစ်အုပ်စုကို ကုလ ရှုတ်ချ
Photo: AFP

ဖေဖေါ်၀ါရီ ၂၁

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြသူနှစ်ဦး အကြမ်းဖက်ဖြိုခွင်းခံရပြီး သေဆုံးခဲ့မှုအတွက် ကုလသမဂ္ဂက ဖေဖေါ်၀ါရီ ၂၁ ရက်မှာ မြန်မာအာဏာသိမ်းစစ်အစိုးရအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။

နိုင်ငံမှာ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ဖို့ ‌တောင်းဆိုရင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေခဲ့ကြတဲ့ အကြမ်းမဖက်ဘဲ ငြိမ်းငြိမ်းချမ်းချမ်း ရှိနေတဲ့ CDM လှုပ်ရှားမှုအပေါ် ဖိနှိပ်ဖို့ နည်းလမ်းတွေကို အာဏာပိုင်တွေဘက်က တဖြည်းဖြည်းချင်း တိုးမြင့်လုပ်ဆောင်ခဲ့ပါတယ်။

နိုင်ငံတစ်၀န်း သီတင်းပတ် နှစ်ပတ်ကျော် လမ်းပေါ်ထွက် ဆန္ဒပြမှုတွေအတွင်း ယမန်နေ့ စနေနေ့ကတော့ လူအသေအပျောက်အများဆုံး နေ့အဖြစ် မှတ်တမ်း၀င်သွားခဲ့ရပါတယ်။

ယမန်နေ့ မန္တလေးမြို့ ဖြစ်စဥ်မှာ လုံခြုံရေးတပ်ဖွဲ့၀င်တွေက ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် လူအုပ်ဟာ ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြရပါတယ်။

ရှုပ်ယှက်ခတ်နေခဲ့တဲ့ လူအုပ်ကို “အသက်သေစေတဲ့အထိ အကြမ်းဖက်မှု” လုပ်ခဲ့တဲ့အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

“ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့သူတွေအပေါ် အသက်သေစေတဲ့အထိ အင်အားသုံးအကြမ်းဖက်တာ၊ ခြိမ်းခြောက်တာနဲ့ ဒုက္ခပေးနှောင့်ယှက်တာက လုံး၀ လက်ခံနိုင်စရာကို မရှိဘူး” လို့ ဂူတာရက်စ်က တနင်္ဂနွေနေ့မှာ ရေးခဲ့ပါတယ်။

နိုင်ငံရဲ့ ဒုတိယအကြီးဆုံး မြို့ မန္တလေးမှာ ယမန်နေ့က လုံခြုံရေးတပ်ဖွဲ့၀င်တွေက သင်္ဘောကျင်းတစ်ခုကို ၀င်စီးပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေခဲ့ကြတဲ့ ဆိပ်ကမ်း၀န်ထမ်းတွေကို ထိန်းသိမ်းဖို့ ကြိုးပမ်းခဲ့ရာမှာ ထိပ်တိုက်တွေ့မှုတွေ စဖြစ်ခဲ့တာဖြစ်ပါတယ်။

ယင်းနောက် ဖမ်းဆီးမှုတွေကို တားဆီးဖို့ ကြိုးပမ်းတဲ့အနေနဲ့ ခဲတွေနဲ့ ပေါက်ခဲ့တဲ့ လူအုပ်စုဘက်ကို လုံခြုံရေးတပ်ဖွဲ့၀င်တွေဘက်က ကျည်အစစ်တွေ၊ ရာဘာကျည်တွေ၊ မျက်ရည်ယိုဓာတ်ငွေ့ သုံးပြီး ပစ်ခတ်ခဲ့တယ်လို့ ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေး၀န်ထမ်းတွေက ပြောခဲ့ပါတယ်။

“နှစ်ဦး သေဆုံးခဲ့ပါတယ်” လို့ မန္တလေး အခြေစိုက် စေတနာ့၀န်ထမ်း အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင် ကိုလှိုင်မင်းဦးက ပြောပါတယ်။

ဖြစ်စဥ် ဖြစ်ပွားရာနေရာကို ရောက်ခဲ့တဲ့ အမည်မဖော်လိုသူ အခြား ကယ်ဆယ်ရေးလုပ်သားတစ်ဦးကလည်း သေဆုံးသူ အရေအတွက်ကို အတည်ပြုခဲ့ပါတယ်။

ဖေ့ဘွတ်ခ်‌ပေါ်မှာ ပျံ့နှံ့လာခဲ့တဲ့ ဗီဒီယိုတစ်ခုထဲမှာ မြေပြင်ပေါ်မှာ လဲကျနေရင်း ဦးခေါင်းကနေ သွေးတွေစီးကျနေတဲ့ သေဆုံးသူ ဆယ်ကျော်သက် လူငယ်ကို တွေ့ခဲ့ရပြီး ဘေးမှာရှိနေခဲ့သူတစ်ဦးက ၎င်းရဲ့ ရင်ဘတ်ပေါ် လက်တင်ပြီး နှလုံးခုန်မှုကို စမ်းသပ်နေခဲ့တာကို တွေ့ခဲ့ရပါတယ်။

ကိုလှိုင်မင်းဦးရဲ့ အဆိုအရ ဖြစ်စဥ်မှာ အခြား လူ ၃၀ လောက် ဒဏ်ရာတွေ ရခဲ့တယ်လို့ သိရပြီး အဲဒီထဲက တစ်၀က်လောက်က ကျည်အစစ်ထိမှန်တဲ့ ဒဏ်ရာတွေ ရခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ထိပ်တိုက်တွေ့မှုအပြီး လူတစ်ဒါဇင်ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ ပြည်တွင်း မီဒီယာတစ်ခုက ဖော်ပြပါတယ်။

“ကျွန်မ အမျိုးသားနဲ့ အခြားသူတွေကိုလည်း သူတို့က ရိုက်နှက် ပစ်ခတ်ခဲ့တယ်၊ သူဆိုရင် ဆန္ဒပြပွဲကို ဘေးမှာ ရပ်ကြည့်နေခဲ့တာပါ၊ ဒါပေမယ့် စစ်သားတွေက သူ့ကို ခေါ်သွားခဲ့ကြပါတယ်” လို့ ဒေသခံတစ်ဦးက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly