စစ်သားက အရပ်သားထက် ကြီးမြတ်တယ်ဆိုတဲ့ ၀ါဒနဲ့ စောင့်ကြည့်ရမယ့် ၂၀၂၁ လူထုအရေးတော်ပုံ

စစ်သားက အရပ်သားထက် ကြီးမြတ်တယ်ဆိုတဲ့ ၀ါဒနဲ့ စောင့်ကြည့်ရမယ့် ၂၀၂၁ လူထုအရေးတော်ပုံ
Photo: Lynn Bo Bo/EPA

မြန်မာ့တပ်မတော်သည် ထူထောင်စကတည်းက နိုင်ငံရေးဇာတ်ပါလာခဲ့သည်ဟု ကျယ်ပြန့်သည့်အကဲဖြတ်ချက်များ ရှိပါသည်။

စစ်အတွင်း တပ်မတော်ဖွဲ့စည်းရန်အတွက် ဂျပန်ပြည်သို့ စေလွတ်စေကပင် စစ်မှုထမ်းဖြင့် သက်မွေးဝမ်းကျောင်းပြုရန် ရည်ရွယ်ထားသူများအား စေလွတ်ခဲ့ခြင်းမဟုတ်ဘဲ မျိုးချစ်စိတ်အခြေခံ နိုင်ငံရေးအသင်းအဖွဲ့မှ နိုင်ငံရေးထက်သန်သူများကို စေလွတ်ခဲ့ခြင်းဖြစ်ပါသည်။

မြန်မာပြည်၏ ပဒေသရာဇ်အစဉ်အလာမှာ အရပ်ဘက်နှင့် စစ်ဘက်ခွဲခြားလေ့မရှိသည့်ဓလေ့ကို လွတ်လပ်ရေးခေတ်အထိ သယ်ဆောင်လာခဲ့သည်ဟု ဒေးဗစ်စတိန်းဘတ်က ဆိုသည်။ စစ်အတွင်း ဖက်ဆစ်ဂျပန်တို့ထံတွင် ပညာသင်ကြားခဲ့ရသည့်အတွက် စစ်သားက အရပ်သားထက် ကြီးမြတ်သည်ဆိုသည့် စစ်ဝါဒမျိုး မြန်မာ့တပ်မတော်တွင် ပါလာနိုင်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်မှုများလည်း ရှိခဲ့သည်။ ကြေးစားစစ်သား Professional Soldier မဟုတ်ဟူသည့်အယူအဆမျိုးနှင့် လွတ်လပ်ရေးအတွက် တိုက်သူများဖြစ်သည်၊ စစ်တိုက်ပြီး အသက်မွေးသူမဟုတ်ဆိုသည့် စကားမျိုး BIA ၊ BDA ခေတ်မှ လာသူများရော၊ အင်ဒိုနီးရှား၏ အမိမြေကာကွယ်ရေးတပ်က လာသူများ (အများစုမှာ ဂျပန်တပ်မတော်မှ လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကာ ဆူဟာတိုကဲ့သို့ အာဏာရှင်မှာ ယင်းစစ်သည်ဟောင်းတဦးဖြစ်)ပါ ပြောတတ်ကြသည်။

ဒုတိယကမ္ဘာစစ်အတွင်း ဆယ်ကျော်သက်လူငယ်များအား သာမန် စစ်ပညာထက် ဘူရှီဒိုခေါ် ဆာမူရိုင်းစိတ်နှင့် လေ့ကျင့်ပေးခဲ့ပြီး စစ်သွေးစစ်မာန်များ ရိုက်သွင်းပေးခဲ့မှုမှာ ရင့်ကျင်မှုမရှိသည့် ယင်းကဲ့သို့ လူငယ်များအားအတွက် တော်လှန်ရေး၊ အမျိုးသားရေးနှင့် စစ်ရေးစိတ်များ ရင့်သန်စေသည်ဟု Joice.C. Libra က ဆိုသည်။

နိုင်ငံ၏ လွတ်လပ်ရေးသမိုင်းတွင် တပ်မတော်ရှိမှ တိုင်းပြည်အင်အားရှိမည်။ တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖဆိုသည့် တပ်မတော်ဝါဒဖြန့်ချိမှုများကို အမြှောက်အမြားတွေ့ခဲ့ရပြီး လွတ်လပ်ရေးရချိန်မှစ၍ အရပ်သားအုပ်ချုပ်မှုမှာ ကာလအနည်းငယ်သာ ရှိခဲ့သည်ဟု ပါမောက္ခဇိုလ်တန် ဘရန်နီက ထောက်ပြသည်။

မြန်မာ့တပ်မတော်မှာ အစောပိုင်းကာလကပင် ရောမခေတ် ရှေးဟောင်း ပရေတိုးရီးယန်း အယူအဆနှင့် ဂါးဒီးယန်း အုပ်စိုးသူ အယူအဆများ ရှိတန်သလောက် ရှိနေခဲ့နှင့်ပြီး ဖြစ်သည်ဟု ၄င်းက ထောက်ပြသည်။ ( မှတ်ချက်။  ။ စစ်ဘက် အာဏာပိုင်စနစ် ကျင့်သုံးမှု ကြာမြင့်သော တိုင်းပြည်များတွင်မူ စစ်တပ်များအနေဖြင့် အုပ်ထိန်းသူ Guardian အယူအဆများ ကိန်းအောင်းလေ့ရှိသည်။ တခါတရံတွင် ယင်းအခြေ အနေထက်ပင်ဆိုးရွားနိုင်သည့် ရောမခေတ်က ပရေတိုးရီးယန်း စစ်သည်များကဲ့သို့ ၎င်းတို့အကျိုးစီးပွား အုပ်စုတူများအချင်းချင်း မျှေဝ ခွဲစား အုပ်ချုပ်မှု ၊ သို့တည်းမဟုတ် လက်နက်ပြခြိမ်း ခြောက်စားအုပ်ချုပ်မှု ၊ မိမိ မကြိုက်သူ အုပ်ချုပ်သူဖြစ်နေပါက ဖြုတ်ချခြင်း၊ အုပ်ချုပ်သူ ပဒေသရာဇ်များနှင့် အကျိုးစီးပွားအတွက် အပေးယူလုပ် အုပ်ချုပ်စေခြင်းများ ပြုလုပ်တတ်သည့် အတွေးအခေါ်များကို ဆိုလိုရင်းဖြစ်သည်။)

စစ်တပ်ဗိုလ်ချုပ်များသည် ဗုဒ္ဓဘာသာကို အလွန်ကြည်ညိုကြပြီး ဘာသာရေးနှင့် ပတ်သက်သည့် ပွဲလမ်းသဘင်များ၊ ဆွမ်းဆက်ကပ်လှူဒါန်းမှုများ လုပ်လေ့ရှိသည်။ နိုင်ငံရေးအကျပ်အတည်းများ ကြုံနေရချိန် ၄င်းတို့၏ တရားဝင်မှု Legitamacy ကျဆင်းနေချိန်မျိုးတွင် ဗုဒ္ဓဘာသာနှင့် ပတ်သက်ပြီး အထူးအလေးပေးဟန် ဆောင်ရွက်လေ့ရှိကြသည်။ သို့နှင့်တိုင် ရဟန်းသံဃာတော်များကို ထိန်းချုပ်နိုင်ရန်လည်း ကြိုးပမ်းကြသည်သာ။

အာရပ်နွေဦးကို ကြည့်လျှင် လူထုအရေးတော်ပုံများတွင် စစ်တပ်မှ အာဏာရှင်ဘက်မလိုက်ပဲ ဒီမိုကရေစီအရေး တောင်းခံသူတွေဘက် လိုက်သည့်အတွက် အစိုးရပြုတ်သည့် တူနီးရှားကဲ့သို့ နိုင်ငံရှိသလို၊ ဘုရင်ကို သစ္စာခံပြီး ဆန္ဒပြသူများအား နှိမ်နင်းသည့် ဘာရိန်းစစ်တပ် ကဲ့သို့ ဖြစ်ရပ်များလည်း ရှိခဲ့သည်။

"အီဂျစ်မှာ မူဘာရက်ခ့် နုတ်ထွက်ခဲ့ရပြီး တူနီးရှားမှာ ဘင်အာလီ ဘာကြောင့်ပြုတ်ကျခဲ့တယ်။ လစ်ဗျားမှာတော့ စစ်တပ်နှစ်ခြမ်းကွဲပြီး ပြည်တွင်းစစ် ဘာကြောင့်ဖြစ်ခဲ့သလဲ ဆိုတဲ့အချက်နဲ့ ယီမင်ရဲ့ ပြည်တွင်းစစ်ကို သက်ဆင်းခဲ့ရမှု။ ဘာရိန်းမှာ စစ်တပ်က အာဏာရှင်တွေကို ဆက်သစ္စာခံခဲ့မှုတွေက လေ့လာသင့်တဲ့ ဥပမာတွေပဲဖြစ်တယ်လို့ သူက နမူနာပြတယ်။ ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက လူထုတော်လှန်ရေးတွေမှာ အဓိကကျတဲ့ စစ်တပ် အင်စတီကျူးရှင်းတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေအပေါ် ပညာရှင်တွေ ကျွမ်းကျင်သူတွေအနေနဲ့ မကြာခဏဆိုသလို လုံလောက်တဲ့ သတိထား လေ့လာစောင့်ကြည့်မှုတွေ မလုပ်ကြဘူး။"ဟု ပါမောက္ခဇိုလ်တန် ဘရန်နီက မှတ်ချက်ပြုသည်။

တကယ်တော့ အာရပ်ကမ္ဘာတခုလုံးမှာ အများစုက အာဏာရှင်ဆန်တဲ့ နိုင်ငံတွေဖြစ်တဲ့အတွက် အာရပ်နိုင်ငံများ၏စစ်တပ်အလိုက် ဖွဲ့စည်းတည်ဆောက်မှုအား လေ့လာရန်ဆိုသည့် အချက်ကလည်း သိပ်လွယ်ကူသော အလုပ်မဟုတ်ခဲ့ပါ။

ဒါကလည်းအဆန်းတော့မဟုတ်ပါ။ အာဏာရှင်အစိုးရတွေဟာ (၁) သတင်းအချက်အလက် အင်ဖိုမေးရှင်းတွေကို (အထူးသဖြင့် နိုင်ငံရေးနဲ့ လူမှုစီးပွားရေး ကဏ္ဍ) တင်းကြပ်ဖိနှိပ်ထားတာ၊ (၂) သုတေသန လုပ်သူတွေအနေနဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းအချက်လက်တွေ မရအောင် (အထူးသဖြင့်တော့ သိသာမြင်သာတဲ့ နိုင်ငံရေး အုပ်ချုပ်ရေးဆိုင်ရာ ကျဆင်းဆုတ်ယုတ်မှု အချက်အလက်တွေ) ကို ဖုံးဖိထားတာတွေကြောင့် ဖြစ်ပါသည်။

လူမှုဗေဒ ပညာရှင် Stanislaw Andrzejewski ကတော့ " အစိုးရတွေအနေနဲ့ စစ်တပ်တွေရဲ့ သစ္စာခံမှုကို ရနေသရွေ့ ဘယ် တော်လှန်ရေးကမှ မအောင်မြင်နိုင်ဘူး"ဟု မှတ်ချက်ပြုခဲ့ဖူးပါသည်။

လူထုတော်လှန်ရေးတွေကို စစ်တပ်တွေ ဘယ်လိုတုံ့ပြန်မလဲဆိုတာနဲ့ ပတ်သက်လို့ လေ့လာရာမှာ မဖြစ်မနေ သိထားသင့်တဲ့ အကြောင်းအခြင်းအရာအချက် ၄ ချက် ရှိသည်ဟု ဇိုလ်တန်ဘရန်နီက ဆိုသည်။

ဒါကတော့

(၁) စစ်တပ်ဖွဲ့စည်းတည်ထောင်မှုနဲ့ စစ်တပ်အကြောင်း
(၂) နိုင်ငံတော် ဆိုင်ရာ
(၃) လူ့အဖွဲ့အစည်း
(၄) ပြင်ပ သက်ရောက်မှု (နိုင်ငံနယ်နိမိတ် ပြင်ပ ဆိုလို)  စသည့်အချက်များဖြစ်သည်။

စတင်တည်ဆောက်မှုကို နိုင်ငံအတွက် လွတ်လပ်ရေး ကယ်တင်ရှင်သဘောမျိုးနှင့်တည်ဆောက်ထားသည့် ဗမာ့တပ်မတော်မှာ ၊ တပ်ဖျက်ပြီး ပရော်ဖက်ရှင်နယ် စစ်တပ်အဖြစ် ပြန်တည်ဆောက်ထားသည့် အိန္ဒိယတပ်မတော်နှင့် များစွာ ကွာခြားပါသည်။

၈လေးလုံး အရေးတော်ပုံကော၊ ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှု တပ်ကို သဘောထားပြောင်းသည့်ဘက်သို့ ဖြစ်စေ၊ တပ်အတွင်း အုပ်စုကွဲများပေါ်သည်အထိဖြစ်စေ မစွမ်းဆောင်နိုင်ခဲ့ပါ။

စစ်တပ်၏ တပ်အတွင်း တည်ဆောက်ဖွဲ့စည်းမှု၊ တပ်နှင့် လူထု အပြိုင်ဖြစ်လာပါက တပ်အပေါ်သာ မျက်စိမှိတ် သစ္စာခံမှုများက နှစ်ပေါင်းများစွာ အာဏာရှင်စနစ်ကို ပုံစံအမျိုးမျိုး အသက်ဆက်ရှင်သန်နိုင်ခဲ့သည်။

အင်ဒရူးဆက်ကမူ ယခုတပွဲမှာ လုံခြုံရေးတပ်ဖွဲ့များ၏ သစ္စာခံမှုအပေါ် စမ်းသပ်မည့်ပွဲဟု မှတ်ချက်ပြုသည်။

အစဉ်အလာအားဖြင့် ၁၉၈၈ အရေးတော်ပုံနှင့် ၂၀၀၇ ရွှေဝါရောင် အရေးတော်ပုံတို့တွင် တည်ရှိခဲ့သည့် လုံခြုံရေး တပ်ဖွဲ့များမှာ ပြင်ပကမ္ဘာနှင့် ဆက်စပ်မှုအားနည်းခဲ့သည့် တပ်များဖြစ်ပြီး ၂၀၁၁ နောက်ပိုင်းတွင်မူ နိုင်ငံတကာ ရေစီးကြောင်းနှင့် ထိတွေ့မှု ရှိလာသည်ဟု ဆိုသည်။ သို့နှင့်တိုင် ရိုဟင်ဂျာ အရေးတွင် ရက်စက်မှုများ ပြခဲ့ပြီးဖြစ်သည်။ တချိန်တည်းတွင်လည်း လုံခြုံရေးတပ်များတွင်  မျိုးဆက် အပြောင်းအလဲများရှိခဲ့မှုမှာ မည်သို့ တုံ့ပြန်မည်ဆိုသည့်အပေါ် စောင့်ကြည့်ချင်စရာဟု ၄င်းက ဆိုသည်။

၂၀၀၇ တွင် သံဃာတော်များပါနေသည့်အတွက် ပစ်ခတ်ဖြိုခွင်းရန် အမိန့်မနာခံမှုများ ဖြစ်မလားဆိုသည့်အချက်ကို စစ်တပ်အရာရှိတချို့ကိုယ်တိုင် စိုးရိမ်မှုများ ရှိခဲ့သည်။

လက်ရှိ ၂၀၂၁ လူထုအရေးတော်ပုံလူမှုဆိုင်ရာ အကြောင်းအချက်များဘက်က ရှူလျှင်မူ သင်ခန်းစာယူစရာများကော အားသာချက်များသာမက အားနည်းချက်များလည်း တွေ့နေရသည်။

လက်ရှိအချိန်မှာ လိုအပ်နေမှုက ပါ၀ါ လေဟာနယ် ဖြည့်နိုင်ရေး ၊ လူထု အုပ်ချုပ်မှုအဖြစ် စနစ်တကျ အသွင်ပြောင်းနိုင်ရေး ၊ အရေးတော်ပုံကို လူထု အာရုံဝင်စားပူးပေါင်းပါဝင်မှု မကျသွားစေဘဲ ထိန်းထားနိုင်ရေး Sustain ၊  နိုင်ငံရေးအရ ဦးတည်ချက်မှန်ကန်ရေးနှင့် အုပ်စုအလိုက် တောင်းဆိုချက် ကွာဟလွန်းတာမျိုးမဖြစ်စေရေး၊ လူထုအနေနဲ့ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ရေးအတွက် လူ့အဖွဲ့အစည်းအကြား ချိတ်ဆက်မှုအားကောင်းရေး၊ စည်းကမ်းသေဝပ်မှု၊ ဗျူဟာကျကျ တုံ့ပြန်နိုင်စွမ်းတွေအပေါ် မူတည်ပါသည်။

မအောင်မြင်ခဲ့တဲ့ ၈ လေးလုံးအရေးတော်ပုံက ၁၉၈၀ ပိုလန် လူထုလှုပ်ရှားမှုနှင့် ဆင်ပါတယ်။ ပိုလန် ၁၉၈၀ လည်း မအောင်မြင်ခဲ့ပါ။ အရေးတော်ပုံကြာလာတဲ့အခါမှာ လူထုက အီလာတယ်။ မလုံခြုံမှုတွေရှိလာတာ၊ စားဝတ်နေရေး အခက်အခဲ ပြဿနာတွေကို မခံနိုင်ဖြစ်လာပြီး စစ်အုပ်ချုပ်မှုအောက်မှာ ပုံမှန်ဘဝတွေကို ပြန်စချင်တဲ့ ကိစ္စတွေကြောင့်ဖြစ်သည်။

၈ လေးလုံးအရေးတော်ပုံမှာ လူများစုဖြစ်နေတဲ့ တောင်သူလယ်သမားတွေ အများကြီးပါအောင် မစည်းရုံးနိုင်တာ၊ တိုင်းရင်းသား အင်အားစုတွေနဲ့ ချိတ်ဆက်နိုင်မှုအားနည်းတာ၊ တပ်မတော်သားတွေ ပါဝင်လာမှု အားနည်းတာ စစ်တပ်ရဲ့ သဘောတရားကို နားမလည်ခြင်းနဲ့ သူ့အားနည်းချက် မရှာနိုင်ခြင် ၊ ဆွေးနွေးရမယ့်အချိန်မှာ ဒေါက်တာ မောင်မောင် ကမ်းလှမ်းချိန် ဆွေးနွေးညှိနှိုင်းနိုင်မှု မလုပ်နိုင်ခဲ့တာ၊ သပိတ်ကို ဦးဆောင်တဲ့ ကျောင်းသား အဖွဲ့အစည်းတွေ မညီညွတ်တာ၊ ကြားဖြတ်အစိုးရ ဖွဲ့ဖို့ နောက်ကျမှုတို့က ထင်သာတဲ့ သာဓကတွေပဲဖြစ်သည်ဟု  How Armies Respond to Revolutions and Why စာအုပ်ကို ရေးသူ ပါမောက္ခ ဇိုလ်တန်ဘရန်နီက ထောက်ပြသည်။

 ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကတော့ ၁၉၈၈ လောက်ကလို အတိုက်အခံအုပ်စု အားမကောင်းတော့တဲ့အပြင် အုပ်ချုပ်သူရဲ့ အဓိကကျတဲ့ ပါ၀ါစင်တာနှင့် ခံတပ်ဟု ဆိုနိုင်သည့် အုပ်ချုပ်ရေးမြို့တော်က နေပြည်တော်ကို ရောက်သွားတာကလည်း စစ်အစိုးရအတွက် အားသာစရာအချက်ဖြစ်ခဲ့သည်ဟု ထောက်ပြသည်။

အခုတပွဲကတော့ အုပ်စိုးသူအပေါ် လူထုထောက်ခံမှု အလွန်အမင်း ဆိုးဆိုးရွားရွားကျဆင်းနေတာ၊ လူငယ်တွေနဲ့ နည်းပညာရေခံမြေခံ၊ နိုင်ငံတကာနဲ့ မီဒီယာရှေ့မှာ ကစားရတာတွေကတော့ အားသာချက်တွေပဲဖြစ်သည်။

"၈ လေးလုံးအရေးတော်ပုံမှာ စစ်သည်အချို့ ဆန္ဒပြသူတွေနဲ့ ပူးပေါင်းပြီး လူထုကို ပစ်ခတ်ဖို့ ငြင်းဆန်တာတွေ ရှိပေမယ့် စစ်ဗိုလ်ချုပ်တွေဟာ သူတို့တပ်က အရာရှိတွေနဲ့ စစ်သည်အများစုကို အထက်က အမိန့်အတိုင်း လိုနာရိုကျိုး လက်ခံစေဖို့ စွမ်းဆောင်နိုင်ခဲ့တယ်။ အများစုဟာ တပ်ကနေ ထွက်မပြေးခဲ့ကြဘူး။ နောက်ဆုံးမှာ အမိန့်အတိုင်းလိုက်နာဖို့ တပ်မတော်သားအများစုက ဆုံးဖြတ်ခဲ့ကြတာဟာ အရေးတော်ပုံ ရှုံးနိမ့်ခဲ့မှုအတွက် အရေးကြီးတဲ့ အချက်တချက် ဖြစ်စေခဲ့တယ်။"ဟု ခရစ္စတီးနား ဖင့်က မှတ်ချက်ပြုသည်။

ကိုးကား- 
How Armies Respond to Revolutions and Why, Zoltan Barany
Myanmar’s coup will test the loyalty of the security forces, Andrew Selth
Burma from Kingdom to Republic, Frank.N. Trager

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly