ရတနာပုံ သင်္ဘောကျင်း ဆန္ဒပြပွဲ ဖြိုခွင်းမှုမှာ ရဲနဲ့ စစ်သား ပစ်ခတ်လို့ ၂ ဦး သေဆုံး 

ရတနာပုံ သင်္ဘောကျင်း ဆန္ဒပြပွဲ ဖြိုခွင်းမှုမှာ ရဲနဲ့ စစ်သား ပစ်ခတ်လို့ ၂ ဦး သေဆုံး 
Photo: AFP

ဒုတိယအကြီးဆုံး မြို့တော် မန္တလေးမှာ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်တွေက ပစ်ခတ်တာကြောင့် ကျည်ဆန်ထိမှန်ပြီး လူ နှစ်ဦး သေဆုံးပါတယ်။ 

ရတနာပုံသင်္ဘောကျင်းအနီး ဖြစ်ပွားတဲ့ အခု ဆန္ဒပြသူတွေကို ဖြိုခွင်းမှုမှာ လုံခြုံရေးတပ်တွေဟာ ရာဘာကျည်တွေအပြင် ကျည်စစ်တွေပါ အသုံးပြု ပစ်ခတ်သလို လေးဂွတွေနဲ့ပါ ပစ်ခတ်တာကို ဒေသခံတွေက ဓာတ်ပုံ၊ ဗီဒီယို အထောက်အထားတွေနဲ့ ပြသပါတယ်။ 

ပြီးခဲ့တဲ့ စနေနေ့က ရတနာပုံ သင်္ဘောကျင်းမှာ CDM လှုပ်ရှားမှုအတွင်း ပါဝင်သူတွေကို လာရောက်ဖမ်းဆီးတာကို ဆန္ဒပြသူတွေက စုရုံးတားဆီးကြတာကို ရဲနဲ့ စစ်သားက ကျည်စစ်တွေ ရာဘာကျည်တွေနဲ့ ပစ်ခတ်လို့ သင်္ဘောကျင်းအတွင်း ဝင်ရောက်စီးနင်းမှုဟာ အကြမ်းဖက်ဖြိုခွင်းမှုအသွင် ကူးပြောင်းခဲ့ပါတယ်။ 

ရာဘာကျည် ထိမှန်ဒဏ်ရာရသူပေါင်း အနည်းဆုံး ငါးဦး ရှိတယ်လို့ ဖြစ်ပွားရာဆီ ရောက်ရှိနေတဲ့ ဓာတ်ပုံသမားတစ်ဦးက ပြောပါတယ်။ ကျည်စစ်ထိမှန်တဲ့ ဒဏ်ရာရသူ အနည်းဆုံး ခြောက်ဦး ရှိတယ်လို့ ဒဏ်ရာရသူတွေကို ကုသပေးနေတဲ့ အရေးပေါ်ကျန်းမာရေးဝန်ထမ်းတွေက ဆိုပါတယ်။ 

ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်ဟာ အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးခဲ့ချိန်ကစလို့ နိုင်ငံရဲ့ နယ်မြေဒေသ တော်တော်များများမှာ တော်လှန်ဆန့်ကျင်မှုတွေ ဖြစ်ပွားပေါ်ပေါက်နေပြီး စစ်အာဏာသိမ်းအုပ်စုကို ဆန့်ကျင်ပြီး လမ်းတွေပေါ်မှာ လူပေါင်းများစွာဟာ ဆန္ဒပြပွဲတွေ ဆင်နွှဲလျက် ရှိနေပါတယ်။ 

အာဏာသိမ်းပြီးချိန်ကစလို့ အာဏာပိုင်တွေဟာ လူ ရာပေါင်းများစွာကို ဖမ်းဆီးထားပြီး အများစုကတော့ CDM လှုပ်ရှားမှုမှာ ပါဝင်ပြီး လုပ်ငန်းခွင်မဆင်းဘဲ သပိတ်မှောက်ကြတဲ့ အစိုးရဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။ 

စနေနေ့မှာတော့ ရဲနဲ့ စစ်သား ရာပေါင်းများစွာဟာ ရတနာပုံသင်္ဘောကျင်းမှာ လာရောက်စုရုံးတာ‌ကြောင့် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြအလုပ်သမားတွေကို ဖမ်းဆီးဖို့ ဖြစ်တယ်ဆိုပြီး ဒေသခံတွေကြား စိုးရိမ်မှုတွေ ဖြစ်ခဲ့ပါတယ်။ 

ဒီနောက်မှာ ခုခံတော်လှန်တဲ့အနေနဲ့ ဒေသခံတွေဟာ သံပုံးတွေ တီးကြပြီး ရဲတွေ ထွက်သွားဖို့ စတင်ကြွေးကြော်ကြတာ ဖြစ်ပါတယ်။ 

ဒါပေမယ့် အခုလို သံပုံးတီး မောင်းထုတ်နေတဲ့ ဆန္ဒပြသူတွေကို ရဲတွေက ကျည်အစစ်၊ ရာဘာကျည်နဲ့ လေးဂွတွေနဲ့ပါ ပစ်ခတ်လူအုပ်ခွဲရာက ခုလို သေဆုံးဒဏ်ရာရသူတွေ ရှိခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly