ဆန္ဒပြသူများကို လုံခြုံရေးတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းမှုအပေါ် EU နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ရှုတ်ချ

ဆန္ဒပြသူများကို လုံခြုံရေးတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းမှုအပေါ် EU နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ရှုတ်ချ

မန္တလေးမြို့၌ လုံခြုံရေးတပ်ဖွဲ့များက ကျည်ဆန်အစစ်များသုံးကာ ဆန္ဒပြမှုကို ဖြိုခွင်းစဉ်  လူနှစ်ဦး သေဆုံးပြီးနောက် ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာအကြီးအကဲ ဂျိုးဆက်ဘော်ရယ်က လူသေစေလောက်သော အကြမ်းဖက်မှု များပြားလာခြင်းကို ပြစ်တင်ရှုတ်ချလိုက်ပြီး ဥရောပသမဂ္ဂအအနေဖြင့် တနင်္လာနေ့တွင်ကျင်းပမည့် EU နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ မြန်မာအရေး သင့်လျော်သည့် ဆုံးဖြတ်ချက်များ ချမှတ်သွားမည်ဖြစ်ကြောင်း စနေနေ့တွင် ပြောလိုက်သည်။ 

“ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ အရပ်သားပြည်သူတွေကို စစ်တပ်က အကြမ်းဖက်နှိမ်နင်းတာကို ကျွန်တော့်အနေနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။  မြန်မာနိုင်ငံက စစ်တပ်နဲ့လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်တာကို ချက်ချင်း ရပ်ဖို့ တိုက်တွန်းပါတယ်” ဟု ဥရောပသမဂ္ဂ၏အဆင့်မြင့်ကိုယ်စားလှယ်နှင့် ဒု-ဥက္ကဋ္ဌဖြစ်သူ ဂျိုးဆက်ဘော်ရယ်က တွစ်တာ၌ ရေးသားပြောဆိုလိုက်သည်။  

တနင်္လာနေ့၌ ဘရပ်ဆဲလ်တွင်ကျင်းပမည့် ဥရောပသမဂ္ဂနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ မြန်မာနိုင်ငံအတွင်း နောက်ဆုံးဖြစ်ရပ်များနှင့်စပ်လျဉ်း၍ သင့်လျော်သောဆုံးဖြတ်များ ချမှတ်နိုင်ရန် ဆွေးနွေးသွားမည်ဟု ဂျိုးဆက်ဘော်ရယ်က ဆိုသည်။  

ဥရောပသမဂ္ဂသည် ဖေဖော်ဝါရီ ၉ ရက်က နေပြည်တော်ဆန္ဒပြမှုအတွင်း ခေါင်းကို ကျည်ဆန်အစစ်ထိမှန်ခဲ့သော မမြသွဲ့သွဲ့ခိုင် ကိစ္စနှင့်စပ်လျဉ်း၍လည်း ကြာသပတေးနေ့က တုံ့ပြန်ပြောဆိုခဲ့သည်။  

တာဝန်ရှိသူများအနေဖြင့် ၎င်းတို့လုပ်ရပ်များအတွက် တာဝန်ခံမှုရှိစေရန် အဆိုပါသေဆုံးမှုနှင့်ပတ်သက်ပြီးလည်း ပွင့်လင်းမြင်သာစွာ စုံစမ်းရန် ဥရောပသမဂ္ဂပြောရေးဆိုခွင့်ရှိသူက တိုက်တွန်းခဲ့သည်။  

တနင်္လာနေ့တွင်ကျင်းပမည့် ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသည် မြန်မာစစ်ခေါင်းဆောင်များကို အရေးယူသွားမည်ဟု မျှော်လင့်ရကြောင်း ဥရောပသမဂ္ဂမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly