ဂယ်ဝမ်တောင်ကြားက ရန်ပွဲဗီဒီယိုဖိုင်ကို တရုတ် နိုင်ငံပိုင်မီဒီယာက ထုတ်လွှင့်ပြသ

ဂယ်ဝမ်တောင်ကြားက ရန်ပွဲဗီဒီယိုဖိုင်ကို တရုတ် နိုင်ငံပိုင်မီဒီယာက ထုတ်လွှင့်ပြသ
Photo: CCTV/AFP

ဖေဖော်ဝါရီ ၂၀  

ပြီးခဲ့တဲ့နှစ် ဇွန်လက တရုတ်နဲ့ အိန္ဒိယတပ်ဖွဲ့တွေအကြား နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ပြင်းထန်တဲ့ ရန်ပွဲရဲ့ပုံရိပ်တွေလို့ ယုံကြည်ရတဲ့ ဗီဒီယိုဖိုင်ကို တရုတ်အစိုးရပိုင်မီဒီယာကနေ ပြသလိုက်ပြီး အလွန်ဝေးလံခေါင်သီတဲ့နေရာက မြင်ကွင်းကို ရှားရှားပါးပါး မြင်တွေ့ရမှုပဲဖြစ်ပါတယ်။  

တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက အဆိုပါ ပဋိပက္ခရန်ပွဲမှာ ကျဆုံးခဲ့တဲ့ တရုတ်စစ်သားလေးဦးရဲ့အမည်ကို သောကြာနေ့က ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။  

နယ်စပ်မှာဖြစ်ခဲ့တဲ့ အဲဒီရန်ပွဲမှာ အိန္ဒိယစစ်သား ၂၀ ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။  

နိုင်ငံပိုင်ရုပ်သံလွှင့်ဌာန CCTV က ထုတ်လွှင့်တဲ့ နောက်ပိုင်းဗီဒီယိုတွေထဲမှာ  ကာရာကိုရမ်တောင်တန်းက ဂယ်ဝမ်တောင်ကြားမှာ ‘ရဲ’ လို့ရေးထားတဲ့ ဒိုင်းကာနဲ့ တုတ်ချောင်းတွေ ကိုင်ဆောင်လာတဲ့ အိန္ဒိယစစ်သားတွေက မြစ်ကို ဖြတ်ပြီး တရုတ်စစ်သားတွေဆီ ဦးတည်လာနေပုံကို ပြသခဲ့ပါတယ်။  

နှစ်ဦးနှစ်ဖက်သဘောတူညီချက်အရ သေနတ်အသုံးပြုမှုကို တားမြစ်ထားတာဖြစ်လို့ နယ်ခြားစည်းမျဉ်း ပီပီပြင်ပြင်မသတ်မှတ်ထားတဲ့ နယ်စပ်မှာ နှစ်ဖက်အကြားရန်ပွဲတွေမှာ တစ်ခါတလေ တုတ်၊ ကျောက်တုံးကျောက်ခဲတွေနဲ့ လက်သီးတိုက်ပွဲတွေ ဖြစ်ပွားလေ့ရှိပါတယ်။  

ဗီဒီယိုဖိုင်ထဲမှာ “သူတို့ နောက်ထပ်စခန်းသစ်တစ်ခုဆောက်ဖို့ ရွှေ့လာကြပြီ” လို့ စစ်သားတစ်ယောက်က ပြောလိုက်ပြီး အိန္ဒိယဘက်က တရုတ်စစ်သားတွေကို ရန်စဖို့ သဘောတူညီချက်ချိုးဖောက်ကာ ဖြတ်ကျော်လာတယ်လို့  စောဒကတက်လိုက်တဲ့သဘော ဖြစ်ပါတယ်။  

နောက်ဗီဒီယိုပြကွက်တစ်ခုမှာ နှစ်ဖက်အဖွဲ့က တပ်ဖွဲ့ပုံရိပ်တွေနဲ့ အမှောင်ထဲမှာ ခိုက်ရန်ဖြစ်ပွားနေကြတာတွေကို ပြသခဲ့ပါတယ်။  

အဲဒီနောက် တရုတ်စစ်သားတွေက ခေါင်းမှာ သွေးတွေထွက်နေတဲ့တပ်သားကို ဝိုင်းဝန်းကုသနေတဲ့ပုံတွေ ပြသခဲ့ပါတယ်။  

ပြီးခဲ့တဲ့နှစ် ဇွန်လက ဂယ်ဝမ်တောင်ကြားမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဟာ ဆယ်စုနှစ်ပေါင်းများစွာအတွင်း နှစ်ဖက်တပ်ဖွဲ့အကြား လူသေဆုံးမှုအများဆုံးရန်ပွဲတွေထဲက တစ်ခုဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly