အမေရိကန်က မြန်မာစစ်တပ်ကို အာဏာစွန့်ဖို့ သတိပေးထားချိန် ရန်ကုန်လမ်းတွေပေါ် လူထောင်ပေါင်းများစွာ ဆက်လက်ဆန္ဒပြ

အမေရိကန်က မြန်မာစစ်တပ်ကို အာဏာစွန့်ဖို့ သတိပေးထားချိန် ရန်ကုန်လမ်းတွေပေါ် လူထောင်ပေါင်းများစွာ ဆက်လက်ဆန္ဒပြ
Photo: Lynn Bo Bo/EPA

ရန်ကုန်မြို့အနှံ့က လမ်းမတွေမှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၀ ရက်မှာလည်း လူ‌ထောင်ပေါင်းများစွာဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ဆက်လက်ဆန္ဒပြကြပါတယ်။

ဆန္ဒပြသူတွေဟာ ဆိုင်းဘုတ်တွေ၊ စာတမ်းတွေ ကိုင်ဆောင်ထားကြပြီး တစ်ချို့က ‘ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေး’ ကြွေးကြော်ကြပါတယ်။

“စစ်တပ်က ဒီမိုကရေစီလမ်းစဉ်အတိုင်း အုပ်ချုပ်မယ်လို့ ပြောတယ်၊ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ သူတို့ဟာ အင်တာနက်ကို ဖြတ်တောက်သလို ဖေ့ဘုတ်၊ တွစ်တာတို့လို လူမှုမီဒီယာတွေကိုလည်း ပိတ်ပစ်ပါတယ်၊ ဒါဟာ အပြောနဲ့ အလုပ်မညီတာပါ၊ ဒါကြောင့် သူတို့ကို ကျွန်မတို့ ဘယ်တော့မှ ယုံမှာမဟုတ်ဘူး”ဆိုပြီး အသက် ၂၇ နှစ်အရွယ် ဆန္ဒပြသူ မခင်ထွေးက ပြောပါတယ်။

စစ်တပ်ဟာ ဖေဖော်ဝါရီ ၁ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ အခြားအရာရှိတွေကို ဖမ်းဆီးပြီး အာဏာသိမ်းခဲ့ချိန်ကစလို့ နိုင်ငံနဲ့တစ်ဝန်းမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားလျက် ရှိနေတာပါ။

မခင်ထွေးက ဆက်လက်ပြောရာမှာ “လူငယ်တွေမှာ ကိုယ်ပိုင်အိပ်မက်တွေ ရှိကြတယ်၊ ၂၀၁၉ ဟာ ဖွံ့ဖြိုးတဲ့ နှစ်တစ်နှစ်ပဲ၊ ၂၀၂၀ မှာတော့ ကိုဗစ်-၁၉ နဲ့ ကြုံရတယ်၊ ၂၀၂၁ မှာ ကျွန်မတို့ အနာဂတ်အတွက် ဘာတွေ လုပ်ကြမလဲဆိုပြီး ကျွန်မတို့အားလုံး တွေးထားကြတာ ဖြစ်တယ်၊ ဒါပေမယ့် အခုတော့ အရာအားလုံး သွားပြီ၊ ကျွန်မတို့ မျှော်လင့်ချက်တွေ အစစအရာရာ ဖျက်ဆီးခံနေရပြီ၊ ဒါကြောင့်ပဲ အရင်ကထက် အခုဆန္ဒပြတာတွေမှာ လူတွေ ပိုပြီး ပါဝင်လာနေတာပဲ”လို့ ဆိုပါတယ်။

ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ အသက် ၄၆ နှစ်အရွယ် ဦးဝင်းဇော်ဆိုသူက “စည်းကမ်းမဲ့ လုပ်ရပ်ဖြစ်တာကြောင့် ရဲတွေရဲ့ ဖြိုခွင်းမှုတွေကို ကျွန်တော်တို့ လက်မခံနိုင်ဘူး။ တစ်ချို့ ဆန္ဒပြသူတွေ တိုက်ခိုက်ခံရကို မြင်ရတာ တကယ်စိတ်မကောင်းဘူး၊ မမြသွဲ့သွဲ့ခိုင်ရဲ့ ဦးခေါင်းကို ထိမှန်တဲ့ ကျည်ဟာ ကျွန်တော်တို့ ဦးခေါင်းတွေကိုပါ ထိမှန်တာပဲလို့ ခံစားရတယ်”ဆိုပြီး ပြောပါတယ်။

စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ဆန္ဒပြမှုအတွင်း ပထမဆုံး လူသေဆုံးမှု ဖြစ်ခဲ့ပြီးတဲ့နောက် စစ်အာဏာသိမ်းမှုအပေါ် ပြင်းပြင်းထန်ထန် ဖိအားပေးနေတဲ့ အမေရိကန်နိုင်ငံဟာ အကြမ်းဖက်မှုတွေကို ရှောင်ကြဉ်ဖို့နဲ့ အာဏာကို စွန့်လွှတ်ဖို့  သောကြာနေ့မှာ မြန်မာစစ်တပ်ကို သတိပေးလိုက်ပါတယ်။

“မြန်မာပြည်သူတွေအပေါ်  ကျူးလွန်တဲ့ ဘယ်လိုအကြမ်းဖက်မှုမျိုးကိုမဆို ကျွန်တော်တို့ ရှုတ်ချပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ သူတွေကို အကြမ်းဖက်တာတွေ ရှောင်ကြဉ်ဖို့ ထပ်လောင်းတောင်းဆိုပါတယ်” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်စ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အမေရိကန်အနေနဲ့ အာဏာသိမ်းမှုမှာတာဝန်ရှိသူတွေကို နိုင်ငံတကာအသိုက်အဝန်းကတစ်ဆင့် စုပေါင်းအရေးယူနိုင်ဖို့ သံတမန်နည်းအရ ကြိုးပမ်းမှုတွေကို ဆက်လက်ဦးဆောင်သွားမယ်လို့လည်း နက်ပရိုက်စ်က ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလစ်ကင်ကလည်း အာဏာသိမ်းစစ်တပ်အပေါ် နိုင်ငံတကာဖိအားတွေ ပိုမိုများပြားလာမယ်လို့ မျှော်လင့်ထားကြောင်း ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly