စစ်အာဏာသိမ်းမှုကို အားလုံးကန့်ကွက်ဆန့်ကျင်ဖို့ ဆန္ဒပြပွဲမှာ ပစ်ခတ်ခံရပြီး သေဆုံးတဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ အစ်မဖြစ်သူ တိုက်တွန်း

စစ်အာဏာသိမ်းမှုကို အားလုံးကန့်ကွက်ဆန့်ကျင်ဖို့ ဆန္ဒပြပွဲမှာ ပစ်ခတ်ခံရပြီး သေဆုံးတဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ အစ်မဖြစ်သူ တိုက်တွန်း
Photo: EPA

နေပြည်တော်မှာ လွန်ခဲ့တဲ့ တစ်ပတ်ကျော်က စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲအတွင်း ပစ်ခတ်ခံရလို့ ဦးခေါင်းထိမှန်ကာ မနေ့က ဆေးရုံပေါ်မှာ သေဆုံးခဲ့ရတဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ အစ်မဖြစ်သူဟာ အာဏာသိမ်းအုပ်စုကို တွန်းလှန်ဖို့ ဆန္ဒပြရာမှာ အားလုံးပါဝင်ကြဖို့ တိုက်တွန်းပြောဆိုပါတယ်။ 

“ကျေးဇူးပြုပြီး ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေမှာ အားလုံးပါဝင်ပေးကြပါ။ ကျွန်မပြောချင်တာကတော့ ဒါပါပဲ။”ဆိုပြီး အစ်မဖြစ်သူ ပို့ပို့က ဆိုပါတယ်။ 

မမြသွဲ့သွဲ့ခိုင်ဟာ ဖေဖော်ဝါရီ ၉ ရက်က ဆန္ဒပြပွဲအတွင်း ရဲပစ်ခတ်ခံရလို့ ဦးခေါင်းကို ကျည်စစ်ထိမှန်ပြီး ဆေးရုံမှာ အသက်ကူစက်နဲ့ ထားရှိထားရာက သောကြာနေ့မှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ 

မမြသွဲ့သွဲ့ခိုင် သေဆုံးမှုဟာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို ရဲက ဖြိုခွင်းမှုအတွင်း ပထမဆုံးသေဆုံးမှုပဲ ဖြစ်ပါတယ်။ 

“ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ညီမလေး အခြေအနေက ပိုဆိုးလာတယ်။ ဒီနေ့(သောကြာနေ့) နံနက် ၁၁ နာရီလောက်မှာ ညီမလေး သေဆုံးပါတယ်။”လို့ မပို့ပို့က ပြောပါတယ်။ 

“ကျွန်မတို့ ညီမလေးကို တနင်္ဂနွေမှာ သင်္ဂြိုလ်မှာ ဖြစ်ပါတယ်။ ဒါပါပဲ။”ဆိုပြီး သူက ပြောခဲ့ပါတယ်။ 

အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်ဟာ ဖမ်းဆီးထိန်းသိမ်းပြီး အာဏာသိမ်းလိုက်ချိန်ကစလို့ နိုင်ငံအနှံ့အပြားဆိုသလိုမှာ ကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ်ပွားပေါ်ပေါက်လာခဲ့ပြီး စစ်အုပ်ချုပ်ရေးအောက် မရောက်စေရေးအတွက် တစ်စုတစ်စည်းတည်း ကန့်ကွက်ဆန့်ကျင်လျက် ရှိနေတာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly