နယ်ဆင်မင်ဒဲလားနဲ့ ဒီကလပ်လိုလူ လိုအပ်နေတဲ့ မြန်မာပြည်

နယ်ဆင်မင်ဒဲလားနဲ့ ဒီကလပ်လိုလူ လိုအပ်နေတဲ့ မြန်မာပြည်
တပ်မတော် အာဏာသိမ်းမှု လူထု ဆန့်ကျင် ကန့်ကွက်နေကြ (ပုံ-AFP)

မြန်မာနိုင်ငံသည် ယခုဆိုလျှင် နေ့စဉ်နှင့်အမျှ “စစ်အာဏာရှင် အလိုမရှိ”၊ “ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ကြီး ဦးဝင်းမြင့်ကို ပြန်လွှတ်ပေး”၊ “၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အတည်ပြုပေး”၊ “စစ်အာဏာသိမ်းမှု အလို မရှိ” စသည့် ကြွေးကြော်သံများဖြင့် နိုင်ငံတစ်ဝန်း လူထု ဆန္ဒပြ တောင်းဆိုနေကြသည်။

အဆိုပါ ကြွေးကြော်သံများဖြင့် တောင်းဆိုနေကြသူများသည် မြန်မာနိုင်ငံတွင် ဖူးပွင့်စ ဒီမိုကရေစီ အညွှန့်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်က ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်အာဏာ သိမ်းမှုနှင့်အတူ ရိုက်ချိုး ပစ်လိုက်ခြင်းကြောင့် ဖြစ်သည်။

ထို့ကြောင့် ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေကြသော မြန်မာနိုင်ငံသူ/သားများသည် အာဏာသိမ်း စစ်တပ်အ ပေါ် ဒေါသထွက်နေကြပြီ ဆုံးရှုံးသွားရတော့မည့် ဒီမိုကရေစီကို ပြန်လည်ရယူ ကာကွယ်နိုင်ရေးအတွက် အသက်များကို အရင်းအနှီးလုပ်ကာ တောင်းဆိုနေကြသည်။

တစ်ဖက်က အာဏာသိမ်း စစ်တပ်ကလည်း သူတို့သိမ်းယူ ထားသည့်အာဏာ ပြန်လည် လက်မလွှတ်ရရေးအ တွက် ခုခံစစ်နှင့်ထိုးစစ်ကို ပြင်ဆင်၍ ကာကွယ်လျက်ရှိနေသည်။ထို့ကြောင့် လူထုနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ကြား ထိပ်တိုက် တွေ့နေကြရပြီ ဖြစ်သည်။

သို့သော် ဒီမိုကရေစီကို ကာကွယ်သူ လူထုသည် အကြမ်းမဖက်ရေး မူဝါဒကို အခြေခံ၍ ငြိမ်းချမ်းစွာ စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက် ဆန္ဒပြနေသလို အစိုးရဝန်ထမ်းများနှင့်ပုဂ္ဂလိက ဝန်ထမ်းများကလည်း “ရုံးမတက်နဲ့ရုန်းထွက်”ဆိုသည့် ဆောင်းပုဒ်ဖြင့် လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု civil disobedience movement-CDM ကို ဖော်ဆောင်၍ အန်တုနေကြသည်။

တပ်မတော် အာဏာသိမ်းမှု လူထု ဆန့်ကျင် ကန့်ကွက်နေကြ(ပုံ-AFP)

ထိုသို့ အာဏာသိမ်း စစ်တပ်ကို မြန်မာနိုင်ငံသူ/သားများသည် ၁၉၈၈ အာဏာသိမ်းမှု လူထု ကြွမှုတွင်ပါဝင်ခဲ့ သော Generation X ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလ ဖြတ်သန်းခဲ့သော Generation Y ၊ ၂၀၂၁ ရာစု နည်းပညာခေတ်ကို ဖြတ်သန်းနေကြသည့် Generation Z စသည့် မျိုးဆက်သုံးဆက် ပူးပေါင်း၍ အန်တုနေခြင်း ဖြစ်သည်။

အဆိုပါ အန်တုမှုတွင် မျိုးဆက် သုံးဆက်သည် တူညီသော ခံစားမှုနှင့် ယုံကြည်ချက် ပန်းတိုင် တစ်ခုကို ထား ထားသည်ကို တွေ့ရသည်။ ပန်းတိုင်မှာ ယခု ဒီမိုကရေစီသည် နောက်ဆုံးတိုက်ပွဲ (End Game)ဟု သတ်မှတ် ကာ နောင်မည့်သည့်အခါမှ စစ်အာဏာသိမ်းမှု မခံရရေး အပြီးတိုင် တိုက်ပွဲဟုဆို၍ တိုက်ပွဲဝင်နေကြခြင်းဖြစ်ပြီ ခံစားမှုအနေနှင့်ဆိုလျှင် ယခု တိုက်ပွဲ ကျရှုံးပါက မိမိတို့သည်

ဘယ်တော့မှ ဒီမိုကရေစီရရှိတော့မည် မဟုတ်ဘဲ စစ်တပ် အုပ်ချုပ်မှုအောက်မှာသာ အထီးကျန်စွာ နေထိုင်ရတော့မည်ဆိုသော စိုးရိမ် ကြောက်ရွံ့စိတ်ဖြစ်သည်။

တစ်ဖက် အာဏာသိမ်း စစ်တပ်ဘက်ကလည်း ယခု အာဏာသိမ်းမှုသည် အလျော်အစား ကြီးမားသည့်အတွက် အာဏာသိမ်းမှု လှန်မကျသွားရေးအတွက် ခုခံစစ်နှင့်ထိုးစစ်ကို သေချာပြင်ဆင်နေပြီ လူထုအုံကြွမှုကို ကာကွယ် ရန်ကြိုးပမ်းနေသည်။

ယခု အာဏာသိမ်းမှုကို လူထုက အနိုင်ယူသွားပါက (၁) စစ်တပ်က ၁၉၉၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်ထိ အသေအချာ ပြင်ဆင်ရေးဆွဲထားသည့် ၂၀၀၈ ပုံအခြေခံဥပဒေ ဖျက်သိမ်းခံရမည်၊ (၂) လွှတ်တော်အတွင်း ရွေးကောက်ခံ စရာ မလိုဘဲ နေရာယူထားသည့် ၂၅ ရာခိုင်နှုန်း ထွက်ပေးရမည်၊ (၃) အစိုးရလက်အောက်မှာ မရှိဘဲ စင်ပြိုင် အစိုးရပုံစံဖြင့် ရပ်တည်နေသော စစ်တပ် အခန်းကဏ္ဍပျောက်ကွယ်ပြီ အစိုးရအောက်မှာ နေရမည်၊ (၄) အာ ဏာ သိမ်းမှုတွင် ပါဝင်ခဲ့သော စစ်ဗိုလ်ချုပ်ကြီးများ ထောင်တွင်း အကျဉ်းသားဖြစ်သွားကြရမည်၊ (၅) စစ်တပ်နှင့် ၎င်းတို့ မိသားစုများ ပိုင်ဆိုင်သည့် စီးပွားရေးများ ပျက်စီး ဆုံးရှုံးမည် စသည့် ရလဒ်များ ပေးဆပ်ရမည်ဖြစ်သည်။

ထို့ကြောင့် အာဏာသိမ်းစစ်တပ်ကို ဆန့်ကျန်နေသည့် လူထုရော အာဏာသိမ်း စစ်ကောင်စီကရော ယခု အခြေအနေတွင် တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်းကို မျက်ကွယ်ပြုထားပြီး အပြုတ်တိုက်ရေးဘက်ကို ပိုမို အလေးထား ကြိုးပမ်းနေကြသည်ကိုတွေ့ရသည်။

ဤသို့ဆိုလျှင် မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီတိုက်ပွဲသည် သွေးထွက်သံယိုမှုများကို မြင်တွေ့ရတော့မည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဒီမိုကရေစီတိုက်ပွဲတိုင်းသည် သွေးနှင့်ဆေးရသော တိုက်ပွဲများသာ ဖြစ်သည်။ ကမ္ဘာကြီးက ဒီမိုကရေစီတိုက်ပွဲတိုင်းကို လေ့လာကြည့်လျှင် ဒီမိုကရေစီ အောင်မြင်ခြင်း မအောင် မြင်ခြင်းထက် အရင်ဆုံး သွေးနှင့်ဆေးကြရသော တိုက်ပွဲများသာ ဖြစ်သည်။

သွေးထွက်သံယို ဖြစ်မည့် သွေးနှင့်ဆေးကြရမည့် ဒီမိုကရေစီတိုက်ပွဲ အကြောင်းကို စဉ်းစားမိလိုက်သည့် အခါ တွင် တောင်အာဖရိကတွင် လူဖြူ-လူမည်း ခွဲခြားမှုကနေ ဒီမိုကရေစီတိုက်ပွဲကို လူမည်းများ ဆင်နွှဲရတွင် ဦး ဆောင်ခဲ့သည့် နယ်လ်ဆင်မင်ဒဲလား၏ ခေါင်းဆောင်မှုကို သတိရမိသည်။

တောင်အာဖရိကတွင် လူဖြူ-လူမည်း ခွဲခြားမှုကနေ ဒီမိုကရေစီတိုက်ပွဲကို ဆင်နွှဲရာတွင် လူမည်းများကို လူဖြူ အုပ်ချုပ်ရေး အစိုးရက လက်နက်ကိုင်တပ်များဖြင့် လည်းကောင်း၊ လူထုကြား အယောင်ဆောင်များထည့်၍ လည်းကောင်း၊ လုပ်ကြံသတ်ဖြတ်ရေးသမားဖြင့်လည်းကောင်း လူထုအုံကြွမှုကို ဖြိုကွဲခြင်းကြောင့် သွေးထွက်သံ ယိုမှုများကာ လူသေဆုံးမှု တစ်နေ့ထက် တစ်နေ့မြင့်တက်လာလျက်ရှိနေသည်။

ထို့ကြောင့် လူဖြူ ကြီးစိုးရေး တွန်းလှန်သော လူမည်းများသည် အလွန် အမျက်ဒေါသထွက်၍ မစေ့စပ်တမ်းဟု ဆိုကာ လူဖြူအုပ်ချုပ်ရေး အစိုးရနှင့် လူဖြူများ၏ လူထုဖြိုကွဲရေး ယန္တရားအားလုံးကို ပြန်လည် တိုက်ခိုက်ကြ သလို စေ့စပ်ညှိနှိုင်းရေး လုပ်မည့်သူများကိုပါ အပြစ်တင် ရန်ရှာကြလေသည်။

နယ်လ်ဆင်မင်ဒဲလားနှင့် ဒီကလပ်တို့ ၁၉၉၄ ခုနှစ်၊ ဧပြီ ၁၉ ရက်က အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် သဘောတူညီမှု ရယူနိုင်ခဲ့စဉ် (ပုံ-AFP)

ဤသို့ တောင်အာဖရိကတွင် လူဖြူ-လူမည်း စေ့စပ်ညှိနှိုင်း၍ မရသော အခြေအနေနှင့် မည်သို့မှာ အတူယှဉ် တွဲနေထိုင်ရေး မဖြစ်နိုင်တော့သည့်အချိန် ၁၉၈၇ ခုနှစ်၌ တောင်အာဖရိကသမ္မတဘိုအာ၏ နေရာမှာ ဒီကလပ် ကို ပြောင်းလဲ အုပ်ချုပ်ခိုင်းလိုက်သည်။

ထိုစဉ်က နယ်လ်ဆင်မင်ဒဲလားသည် ထောင်ထဲမှာ ရောက်နေပြီ ဒီကလပ်ကို တောင်အာဖရိကအား အုပ်ချုပ် ရန် စေခိုင်းလိုက်သည်ဟု ကြားသိလိုက်သည့်အခါ အတော်စိုးရိမ်သွားသည်။ ဘာကြောင့်ဆို ဒီကလပ်သည် လူမည်းများကို လူဖြူများတက်ရောက်သည့် တက္ကသိုလ်များသို့ တက်ရောက်ခွင့် ပိတ်ပင်ခဲ့သူလည်းဖြစ် အနာ ဂတ် ပြုပြင်ပြောင်းလဲရေးကို မလိုလားသူဟု သိထားခြင်းကြောင့် ဖြစ်သည်။

သို့သော်လည်း ဒီကလပ်သည် ဤသို့သော် လူမဟုတ်မှန်း ဒီကလပ်နှင့် နယ်လ်ဆင်မင်ဒဲလား တွေ့ဆုံ ဆွေးနွေး စကားပြောကြည့်သည့်အခါမှာ သိလိုက်ရသည်။ ထို့နောက် နယ်လ်ဆင်မင်ဒဲလားနှင့် ဒီကလပ်တို့သည် အမျိုး သား ပြန်လည်သင့်မြတ်ရေးနှင့် အမျိုးသား ညီညွတ်ရေးအတွက် စေ့စပ်ဆွေးနွေးရန် နှစ်ဦးနှစ်ဖက် ဆန္ဒရှိလာ ကြပြီ ဒီကလပ်က ထောင်ထဲမှာရှိသည့် နယ်လ်ဆင်မင်ဒဲလားကို အလွတ်သဘော တွေ့ဆုံ ဆွေးနွေးမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်။

ထိုသို့ ထောင်ထဲမှာ အကျဉ်းချခံထားရသည့် နယ်လ်ဆင်မင်ဒဲလားနှင့် တောင်အာဖရိကကို အုပ်ချုပ်နေသည့် သမ္မတ ဒီကလပ်တို့ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ကာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် အမျိုးသားစည်းလုံး ညီညွတ်ရေး တည်ဆောက်ရန် သဘောတူညီမှု ရရှိခဲ့သည်။

အဆိုပါ သဘောတူညီမှုတွင် နယ်လ်ဆင်မင်ဒဲလားကို ထောင်ကနေ လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်း၊ ကြားဖြတ် အစိုးရဖွဲ့စည်းခြင်း၊ ရွေးကောက်ပွဲပြန်လည် ကျင်းပခြင်းတို့ကို ဒီကလပ်ဘက်က လက်ခံခဲ့ပြီး နယ်လ်ဆင်မင်ဒဲ လား ဘက်က လူဖြူတော်လှန်ရေး လုပ်နေသည့် လူထုကို ထိန်းပေးရန်၊ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင် ရန်၊ လူဖြူများအတွက် လုံခြုံရေး အာမခံပေးရန်၊ လူဖြူများ၏ ရသင့်ရထိုက်သော အခွင့်အရေးများကို အာမခံ ပေးရန် သဘောတူ လက်ခံပေးခဲ့ပြီနောက် နှစ်ဖက် သဘောတူညီမှု ရရှိခဲ့သည်။

ဤသို့ နယ်လ်ဆင်မင်ဒဲလား၏ စေ့စပ် ဆွေးနွေးရေး လမ်းကြောင်းကို သဘောတူညီခဲ့သည့်အပေါ် လူဖြူ တော် လှန်ရေးကို လုပ်နေကြသော လူမည်းများနှင့် လူထုတော်လှန်ရေးကို ဦးဆောင်သည့် နယ်လ်ဆင်မင်ဒဲလား၏ ဇနီး မစ္စဝင်နီ အပါ တခြားသော ခေါင်းဆောင်များက လက်မခံကြပေ။

နယ်လ်ဆင်မင်ဒဲလားနှင့်ဒီကလပ် စေ့စပ်ညှိနှိုင်းမှု သဘောတူညီချက်သကေတရုပ်ပုံနဲ့အတူ လူဖြူ-လူမည်း ကလေးငယ်များ ပေါင်းစည်းပျော်ရွှင်မှုကိုမြင်တွေ့ရစဉ်(ပုံ-AFP)

မစ္စဝင်နီက လူဖြူအစိုးရကို တစ်ဖက်မှာ လက်နက်ကိုင် တော်လှန်တိုက်ခိုက်ရင် တစ်ဖက်မှာ လူထုအုံကြွမှုဖြင့် အနိုင်ရယူကာ ဖြုတ်ချမည်ဟု ဆိုလေသည်။ မစ္စဝင်နီ စဉ်းစားချက်ကလည်း တကယ်လည်း လူဖြူများကို တော်လှန်နေသော လူထုတော်လှန်ရေးကြီးက တော်တော်ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာပြီ ဖိအားပေးနိုင်နေခြင်း ကြောင့် စေ့စပ်ညှိနှိုင်းရေး လမ်းကြောင်းကို မသွားလိုဘဲ အဖြုတ်တိုက်ရေးဘက်ကိုသာ အားသန်နေခြင်းဖြစ် သည်။

နယ်လ်ဆင်မင်ဒဲလားက “ဝင်နီ..ငါတို့အားလုံး ဒေါသထွက်နေကြတာပဲ၊ ငါလည်း ဒေါသထွက်နေတာပဲ။ နင်လည်း ဒေါသထွက်နေတာပဲ၊ ဒါပေမဲ့ အဲဒီဒေါသကြောင့် မိုက်မိုက်မဲမဲနဲ့ အမှားတွေကို လျှောက်လုပ်လို့ မရဘူး။ ဒီဒေါသကို ချိုးနှိမ်ပြီး၊ မျိုသိပ်ပြီး မှန်တဲ့လမ်းကို ရွေးရမယ်။ အမှန်တရားကိုပဲ ကြည့်ရမယ်၊ ကိုယ်တို့အတွက် တကယ်လိုအပ်နေတာက ပကတိ အဖြစ်အပျက်တွေကို အစွဲအလမ်း၊ ခံစားချက်တွေ မပါဘဲ သူ့အရှိအတိုင်း မြင်အောင်ကြည့်ဖို့ပဲ၊ အမှန်အတိုင်းမြင်မှ သင့်လျော်တဲ့လမ်းကို ရွေးနိုင်လိမ့်မယ်။ အမှန် တရားကို လက်ခံဖို့က အရေးအကြီးပဲ”ဟု ပြန်လည် ရှင်းပြလိုက်သည်။

နယ်လ်ဆင်မင်ဒဲလားသည် သူ၏ အတ္တ၊ မာန်မာနထက် ပြည်သူကို မျက်နှာမူရမည်၊ ပြည်သူသည်သာ ပထမ၊ ပြည်သူ့ အကျိုးစီးပွားသည်သာ ပထမဆိုသော ပြည်သူအတွက် စဉ်းစား၍ စေ့စပ် ဆွေးနွေးရေး လမ်းကြောင်း ပေါ်ကို တက်လာပြီ လူဖြူ-လူမည်း ခွဲခြားဖိနှိပ်မှုကနေ ဖြစ်တည်ခဲ့သော အဓိကရုဏ်းကို ချေဖျက်၍ တည်ငြိမ် အေးချမ်းသော တောင်အာဖရိကကို တည်ဆောက်ခဲ့သည်။

အဘယ်ကြောင့် တည်ငြိမ် အေးချမ်းသည့် တောင်အာဖရိကကို တည်ဆောက်နိုင်ခဲ့လဲဆိုလျှင် ဒီကလပ်နှင့် နယ်လ်ဆင်မင်ဒဲလား စေ့စပ်ညှိနှိုင်းပြီးနောက် ၁၉၉၄ ခုနှစ် တောင်အာဖရိက ရွေးကောက်ပွဲကို နယ်လ်ဆင် မင်ဒဲလားသည် တောင်အာဖရိကအမျိုးသားကွန်ဂရက်(ANC)အား ဦးဆောင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ခြင်းကြောင့် သမ္မတဖြစ်ခဲ့သလို ANC ပါတီသည်လည်း တောင်အာဖရိကအစိုးရကို ဦးဆောင် ဖွဲ့စည်းအုပ်ချုပ် နိုင်ခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံသည် လက်ရှိ စစ်တပ် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်များကို ဖြေရှင်းနိုင်ရန်အတွက် တောင်အာဖရိကနိုင်ငံ၏ သမိုင်းကို လေ့လာ၍ ဒီကလပ်နှင့် နယ်လ်ဆင်မင်ဒဲလားလို လူပုဂ္ဂိုလ်များ ရှိရန် လိုအပ်နေသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ပုံ-AFP)

ထိုပုဂ္ဂိုလ် နှစ်ဦးမှာ အထူးတလည် ရှာဖွေရန် မလိုအပ်ပေ။ လက်ရှိ မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အာဏာသိမ်း စစ်တပ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် ဖြေရှင်းနိုင်ပါသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်ကို နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထားသည့်တိုင် ဒီကလပ်က နယ်လ်ဆင်မင်ဒဲလားကို ထောင်ချထားစဉ် ထောင်ထဲကို လာရောက်၍ တိုင်းပြည်အရေး အလွတ် သဘောဆွေးနွေးခြင်းဖြင့် နားလည်မှု ရယူကာ ကြိုးပမ်းခဲ့သလို ယခု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဘက်ကပဲ ဖြစ်ဖြစ် ဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ဘက်ကပဲ ဖြစ်ဖြစ် တွေ့ဆုံ ဆွေးနွေးရေး လမ်း ကြောင်းကို ဖော်ဆောင်သင့်ပါသည်။

သို့မဟုတ်ပါက Third Party တစ်ခု ကြားဝင်၍ စေ့စပ် ညှိနှိုင်းရေးကို ဖော်ဆောင်ပေးပါလျှင် ခေါင်းဆောင် နှစ်ဦး အနေဖြင့် တိုင်းပြည် အနာဂတ်နှင့် မျိုးဆက်သစ်များ၏ အနာဂတ်ကို ရှေ ့ရှုကာ လက်ခံသင့်ပါသည်။

ယခု အခြေအနေသည် တွေ့ဆုံ ဆွေးနွေးရေး နည်းလမ်းမှအပ တခြားသော နည်းလမ်းများသည် အမျိုးသား ပြန်လည် သင့်မြတ်ရေးကိုလည်း မတည်ဆောက်နိုင်၊ အမျိုးသား စည်းလုံးညီညွတ်ရေးကိုလည်း မတည်ဆောက် နိုင်၊ သွေးထွက်သံယိုမှု ဖြစ်လာနိုင်သော အခြေအနေကိုလည်း မတားဆီးနိုင်ဘဲ တိုင်းပြည် ပျက်စီးရာ ပျက်စီး ရေး လမ်းကြောင်းပေါ်သို့သာ တွန်းတင်ပေးမည့် အခြေအနေသာ ဖြစ်လာနိုင်ပါသည်။

နယ်လ်ဆင်မင်ဒဲလားက “လှပတဲ့ ဒီမြေပေါ်မှာ လူတစ်ဦးက လူတစ်ဦးကို ဖိနှိပ်ခြင်းမျိုး နောင်ဘယ်တော့မှ မကြုံ ကြရပါစေနဲ့။ တောင်အာဖရိက ပြည်သူများရဲ ့ ဒီကြီးကျယ်တဲ့ အောင်ပွဲကို ဘယ်တော့မှ ဂုဏ်ရောင်မှေးမှိန် မ သွားပါစေနဲ့။ လွတ်လပ်ခြင်းများသာ ထာဝရကြီးစိုးပါစေ”ဟု ဆိုခဲ့ဖူးလေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required