အာဏာသိမ်းမှုတာဝန်ရှိသူတွေကို နိုင်ငံတကာအသိုက်အဝန်းက စုပေါင်းအရေးယူနိုင်ရေး ဦးဆောင်သွားမယ်လို့ အမေရိကန်ပြော

အာဏာသိမ်းမှုတာဝန်ရှိသူတွေကို နိုင်ငံတကာအသိုက်အဝန်းက စုပေါင်းအရေးယူနိုင်ရေး ဦးဆောင်သွားမယ်လို့ အမေရိကန်ပြော
Photo: EPA

ဖေဖော်ဝါရီ ၂၀  

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ဆန္ဒပြမှုအတွင်း ပထမဆုံးလူသေဆုံးမှုဖြစ်ခဲ့ပြီးတဲ့နောက် အမေရိကန်က အကြမ်းဖက်မှုတွေကို ရှောင်ကြဉ်ဖို့နဲ့ အာဏာကို စွန့်လွှတ်ဖို့ သောကြာနေ့က မြန်မာစစ်တပ်ကို သတိပေးလိုက်ပါတယ်။ 

“မြန်မာပြည်သူတွေအပေါ် ကျူးလွန်တဲ့ ဘယ်လိုအကြမ်းဖက်မှုမျိုးကိုမဆို ကျွန်တော်တို့ ရှုတ်ချပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ သူတွေကို အကြမ်းဖက်တာတွေ ရှောင်ကြဉ်ဖို့ ထပ်လောင်းတောင်းဆိုပါတယ်။”လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်စ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။  

အမေရိကန်အနေနဲ့ အာဏာသိမ်းမှုမှာ တာဝန်ရှိသူတွေကို နိုင်ငံတကာအသိုက်အဝန်းကတစ်ဆင့် စုပေါင်းအရေးယူနိုင်ဖို့ သံတမန်နည်းအရ ကြိုးပမ်းမှုတွေကို ဆက်လက်ဦးဆောင်သွားမယ်လို့လည်း နက်ပရိုက်စ်က ပြောပါတယ်။  

နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလစ်ကင်ကလည်း အာဏာသိမ်းစစ်တပ်အပေါ် နိုင်ငံတကာဖိအားတွေ ပိုမိုများပြားလာမယ်လို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။  

ဘလစ်ကင်က ကြာသပတေးနေ့က အာရှနဲ့ ဥရောပမဟာမိတ်တွေနဲ့ သီးခြားစီပြုလုပ်တဲ့ အစည်းအဝေးမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ပါတယ်။  

“ဖိအားပေးမှုတွေကို ခံစားရဖို့ အချိန်ယူရပါလိမ့်မယ်။” လို့လည်း ဘလစ်ကင်က ဘီဘီစီသတင်းဌာနကို ပြောခဲ့ပါတယ်။ 

ဘလစ်ကင်က “ကျွန်တော့်ရဲ့မျှော်လင့်ချက်ကတော့ ဒါဟာ လက်မခံနိုင်တဲ့အရာဆိုတာ ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုဖို့ နိုင်ငံတွေ ပိုပိုပြီး ပါဝင်လာတာနဲ့အမျှ စစ်တပ်ဆီက အပြောင်းအလဲတစ်ခုကို မြင်တွေ့လာပါလိမ့်မယ်။ ဆိုးရွားတဲ့အမှန်တရားကတော့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အနှောင့်အယှက်ဖြစ်သွားတာပါပဲ။ ဒီအာဏာသိမ်းမှုကို လက်မခံနိုင်ဘူးဆိုတာကို နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ပြတ်ပြတ်သားသားနဲ့ တစ်ညီတစ်ညွတ်တည်း ပြောဆိုဖို့ လိုအပ်ပါတယ်။”လို့ ဘလစ်ကင်က  ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly