မြန်မာ့စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အမြင်မှာ G7 နိုင်ငံတွေ ရပ်တည်ချက်တူကြောင်း ဘောရစ်ဂျွန်ဆင် ပြော

မြန်မာ့စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အမြင်မှာ G7 နိုင်ငံတွေ ရပ်တည်ချက်တူကြောင်း ဘောရစ်ဂျွန်ဆင် ပြော

ဖေဖော်ဝါရီ ၂၀ 

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က  သောကြာနေ့က အွန်လိုင်းကတစ်ဆင့်ကျင်းပခဲ့တဲ့ G7 ထိပ်သီးအစည်းအဝေးမှာ မြန်မာ့စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့အမြင်နဲ့ပတ်သက်ပြီး ၎င်းတို့ဟာ တစ်သားတည်း ရှိကြတယ်လို့ ပြောလိုက်ပါတယ်။

မော်စကိုမှာ အတိုက်အခံ အဲလက်ဇီနာဗယ်နီကို ထိန်းသိမ်းမှုနဲ့ပတ်သက်ပြီးလည်း G7 ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေဟာ သူတို့ရဲ့ ကန့်ကွက်တဲ့အမြင်ကို ပူးပေါင်းပြသခဲ့ပြီး ကမ္ဘာတစ်ဝန်းက အရေးကိစ္စအတော်များများမှာ တစ်သဘောထားတည်း ရပ်တည်တဲ့အကြောင်းလည်း ပြောပါတယ်။ 

ဘောရစ်ဂျွန်ဆင်က ဆင်းရဲနွမ်းပါးသူတွေအပါအဝင် တစ်ကမ္ဘာလုံးက လူတွေဆီ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ရောက်ရှိနိုင်ဖို့လည်း ကမ္ဘာ့ခေါင်းဆောင်တွေကို တိုက်တွန်းပြောကြားလိုက်ပါတယ်။

“ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါဖြစ်တဲ့အတွက် တစ်ကမ္ဘာလုံး ကာကွယ်ဆေးထိုးနိုင်ဖို့ လုပ်ရပါမယ်။ ဒီကိစ္စမှာ နိုင်ငံတစ်ခု အခြားနိုင်ငံထက် ဦးဆောင်နေတာမျိုးက မဟုတ်ဘဲ အားလုံးအတူတကွ လှုပ်ရှားရပါမယ်” လို့ ဘောရစ်ဂျွန်ဆင်က G7 ထိပ်သီးအစည်းအဝေးရဲ့ အစမှာပြောခဲ့ပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါဘေးကနေ ပြန်လည်နာလန်ထူဖို့နဲ့ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ဖို့ လစ်ဘရစ်ဒီမိုကရေစီနိုင်ငံတွေဖြစ်တဲ့ G7 အနေနဲ့ အလေးထားလုပ်ဆောင်သင့်တယ်လို့လည်း ဗြိတိန်ဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။ 

G7 မှာ စက်မှုထိပ်သီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ယူကေ၊ ပြင်သစ်၊ ဂျပန်၊ ကနေဒါ၊ အီတလီနဲ့ ဂျာမနီနိုင်ငံတို့ပါဝင်ပြီး ယခုအစည်းဝေးကိုတော့ ဗြိတိန်က အိမ်ရှင်အဖြစ်နဲ့ အွန်လိုင်းကတစ်ဆင့် ကျင်းပခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required