စင်္ကာပူ ဒရုန်းဖျက်လက်နက်ထုတ် ကုမ္ပဏီက မြန်မာနှင့် အဆက်အသွယ် ဖြတ်

စင်္ကာပူ ဒရုန်းဖျက်လက်နက်ထုတ် ကုမ္ပဏီက မြန်မာနှင့် အဆက်အသွယ် ဖြတ်
Photo: EPA

ဖေဖေါ်၀ါရီ ၁၉

ဒရုန်းဖျက် ထုတ်ကုန်များကို မြန်မာရဲတပ်ဖွဲ့ထံ ရောင်းချပေးထားခဲ့သည့် စင်္ကာပူကုမ္ပဏီတစ်ခုက ယခုအခါ မြန်မာနိုင်ငံတွင် နောက်ထပ် စီးပွားရေးအရောင်းအ၀ယ်လုပ်ငန်း လုပ်ကိုင်မှုကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပြီး စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံ၏ အဓိက လေဆိပ်နှင့်အကြား သဘောတူညီချက်ကိုပါ ဖျက်သိမ်းလိုက်ကြောင်း ကုမ္ပဏီအရာရှိတစ်ဦးက ပြောသည်။

မြန်မာတွင် စီးပွားရေးလုပ်ငန်း ပတ်သက်ဆက်ဆံလုပ်ဆောင်မှုအတွက် တက်ကြွလှုပ်ရှားသူများ၏ ပစ်မှတ်ထားခြင်းကို ခံထားရသည့် ဒါဇင်နှင့်ချီသော စင်္ကာပူ ကုမ္ပဏီများထဲတွင် TRD Consulting လည်း ပါ၀င်ခဲ့သည်။

မြန်မာတွင် စစ်တပ်သည် ဖေဖေါ်၀ါရီ ၁ ရက်က အာဏာသိမ်းခဲ့ပြီး ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် လူရာပေါင်းများစွာကို ထိန်းသိမ်းထားခဲ့ရာ နိုင်ငံတကာ အရေးယူဒဏ်ခတ်မှုများနှင့် ကြီးမားသည့် လူထုဆန္ဒပြပွဲများ ဖြစ်ပေါ်နေခဲ့သည်။

“ဥပဒေနဲ့ လျော်ညီတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ပြန်လည် မထူထောင်ရသေးခင်အထိ မြန်မာနိုင်ငံကို ဒရုန်းဖျက် ထုတ်ကုန်တွေ ထောက်ပံ့ဖို့ ကျွန်တော်တို့မှာ အစီအစဥ် မရှိပါဘူး၊ ရှေ့ကာလ ရောင်းချမှုတွေကို သင့်‌တော်သလို ကျွန်တော်တို့ ပြန်သုံးသပ်သွားမှာပါ” ဟု ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဆမ်အွန်းက အီးမေးလ်ကနေ ပြောကြားသည်။

ကုမ္ပဏီအနေဖြင့် ရန်ကုန် နိုင်ငံတကာ လေဆိပ်ကို ဒရုန်းဖျက် ထုတ်ကုန်များ ရောင်းချရန် လုပ်ဆောင်ထားခဲ့သော်လည်း ယခုအခါ ထိုသဘောတူညီချက်ကို ဖျက်သိမ်းလိုက်ကြောင်း ၎င်းက ပြောခဲ့သည်။

ထို့ပြင် ကုမ္ပဏီအနေဖြင့် မြန်မာစစ်တပ်ကိုလည်း ထုတ်ကုန်များ ရောင်းချသွားမည် မဟုတ်ကြောင်း ၎င်းက ပြောသည်။

TRD ကုမ္ပဏီသည် ဒရုန်း ပျက်ကျစေရန် ဆက်သွယ်ရေးလှိုင်းများဖြင့် နှောင့်ယှက်သည့် Orion-7 drone signal disruptor ထုတ်ကုန်ကို မြန်မာရဲတပ်ဖွဲ့ထံ ရောင်းချပေးထားခဲ့သည်။ ထို ထုတ်ကုန်သည် လူကို သက်ရောက်ထိခိုက်စေခြင်း မရှိဟု ဆမ်အွန်းက ပြောသည်။

မြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် ပြတ်သားခိုင်မာစွာ ကိုင်တွယ်ဆက်ဆံရန် စင်္ကာပူနိုင်ငံကို ဆန္ဒပြသူတစ်ချို့က တောင်းဆိုနေခဲ့ကြပြီး Tiger ဘီယာနှင့်  Ya Kun Kaya Toast တို့ကဲ့သို့ စင်္ကာပူ အမှတ်တံဆိပ်များကို သပိတ်မှောက်မည်ဟုလည်း ခြိမ်းခြောက်ထားခဲ့သည်။

စင်္ကာပူနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် ကျယ်ပြန့်သည့် အရေးယူဒဏ်ခတ်မှုများ လုပ်ဆောင်ခြင်းကို သဘောမတူကြောင်း စင်္ကာပူနိုင်ငံခြားရေး၀န်ကြီး ဗီဗီယန် ဘလာခရှစ်နန်က ပြောခဲ့သလို မြန်မာနှင့် ပတ်သက်ဆက်နွယ်ပြီး ကုမ္ပဏီများ၏ စီးပွားရေးလုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များအပေါ် ၀င်ရောက်စွက်ဖက်မည်မဟုတ်ဟု ပြောထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly