ဖေဖော်ဝါရီလ ၁၉ ၊ ၂၀၂၁
နေပြည်တော်မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က ဆန္ဒပြမှုအတွင်း ရဲက သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ အသက် ၂၀ အရွယ် မမြသွဲ့သွဲ့ခိုင် သေဆုံးပြီဖြစ်ကြောင်း ဆေးရုံက ပြောပါတယ်။
“နံနက် ၁၁ နာရီမှာ သေဆုံးတာပါ။ သူ့ ရုပ်အလောင်းကို စစ်ဆေးဖို့ ပို့လိုက်ပါပြီ”လို့ အမည်မဖော်တဲ့ ဆရာဝန်တစ်ဦးက အေအေက်ဖ်ပီကို ပြောပါတယ်။
မမြသွဲ့သွဲ့ခိုင် သေဆုံးကြောင်းကို သူ့ အစ်ကိုဖြစ်သူကလည်း အတည်ပြုပြီး ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုကစလို့ ပထမဆုံး ဆန္ဒပြသူတစ်ဦး ပစ်ခတ်ခံရလို့ သေဆုံးတာဖြစ်ကြောင်း ရိုက်တာသတင်းမှာလည်း ဖော်ပြထားပါတယ်။
နေပြည်တော်မှာ ဆန္ဒပြမှုကို ရဲက ပစ်ခတ်ဖြိုခွင်းရာမှာ မမြသွဲ့သွဲ့ခိုင်ဟာ ကျည်စစ်နဲ့ ပစ်ခတ်ခံရလို့ ဦးခေါင်းထိမှန်တာလို့ ဆရာဝန်တွေက ပြောကြပြီး ဖေဖော်ဝါရီ ၉ ရက်ကတည်းက ဆေးရုံမှာ အသက်ကူစက်တွေနဲ့ ထားရှိထားခဲ့ရတာ ဖြစ်ပါတယ်။
“ကျွန်တော် အရမ်း ဝမ်းနည်းပါတယ်။ ပြောစရာ စကားတောင် မရှိတော့ပါဘူး”ဆိုပြီး သူရဲ့ အစ်ကိုဖြစ်သူ ကိုရဲထွဋ်အောင်က ရိုက်တာကို တယ်လီဖုန်းနဲ့ ဖြေကြားပါတယ်။
မမြသွဲ့သွဲ့ခိုင် ခုလို သေဆုံးသွားရပြီ ဖြစ်တဲ့အတွက် သောကြာနေ့မှာ လမ်းပေါ်ထွက် ဆန္ဒပြသူတွေအတွက် ဝမ်းနည်းဖွယ်စုရုံးမှုတွေ ဖြစ်လာနိုင်ပါတယ်။
“ကျွန်တော် သူအတွက် ဂုဏ်ယူတယ်၊ သူ့အတွက် ကျွန်တော်တို့ ပန်းတိုင်ဆီ မရောက်မချင်း ကျွန်တော် ဆက်လက်ချီတက်မယ်၊ ကျွန်တော် ဘေးကြုံမှာကိုလည်း မစိုးရိမ်တော့ဘူး”ဟု ရန်ကုန်က ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ အသက်၂၄ နှစ်အရွယ် ကိုနေလင်းထက်က ပြောပါတယ်။
မမြသွဲ့သွဲ့ခိုင် သေဆုံးတဲ့ ဒီကနေ့ သောကြာနေ့ဟာ ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးပြီး စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ နေ့စဉ်ဆန္ဒပြသမှုတွေ သီတင်းနှစ်ပတ်မြောက်လည်း ဖြစ်ပါတယ်။