တရုတ်တွင် အိမ်ထောင်စုစရိတ်များ မြင့်တက်ခြင်း၊ မညီမျှမှု တိုးပွားလာခြင်းအပေါ် လူငယ်များက ဆိုရှယ်မီဒီယာတွင် ထုတ်ဖော်

By Latestly
19 February 2021
တရုတ်တွင် အိမ်ထောင်စုစရိတ်များ မြင့်တက်ခြင်း၊ မညီမျှမှု တိုးပွားလာခြင်းအပေါ် လူငယ်များက ဆိုရှယ်မီဒီယာတွင် ထုတ်ဖော်
Photo: EPA

တရုတ်စီးပွားရေး တိုးတက်နေသော်လည်း အိမ်ဈေးနှုန်းများ တဟုန်ထိုး မြင့်တက်လာခြင်း၊ မညီမျှမှု တိုးပွားလာခြင်းနှင့် တိုင်းပြည်ရှိ နေ့စဉ် ကုန်ပစ္စည်းများ၏ ဈေးနှုန်းများ မြင့်တက်ခြင်းတို့အပေါ် စိတ်ပျက်အားငယ်စွာဖြင့် လူငယ်များသည် ဘီလီဘီလီကဲ့သို့သော လူမှုမီဒီယာများပေါ်တွင် ထုတ်ဖော်နေကြသည်။

 တရုတ်သည် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုအပြီး ပြီးခဲ့သည့်နှစ်က အပြုသဘောတိုးတက်မှုရှိခဲ့သည့် တစ်ခုတည်းသော အဓိကစီးပွားရေးနိုင်ငံဖြစ်သည်။ သို့သော် နိုင်ငံဆိုင်ရာ လေ့လာသုံးသပ်သူများ ဖော်ပြခဲ့သည့် စီးပွားရေးတိုးတက်မှုနှင့် တရုတ်နိုင်ငံရှိ သာမန်ပြည်သူများ၏ ပုဂ္ဂိုလ်ရေး အလားအလာများအကြား ‘အလွန်အမင်းကွဲပြားမှု’အဖြစ် ဤကိန်းဂဏန်းကို ဖော်ပြရန် ပျက်ကွက်သည်ဟု South China Morning Post (SCMP) မှ ဆစ်ဆီ ဂျောင် က ရေးသားခဲ့သည်။

တရုတ်တွင် ထင်မြင်ချက် ယုံကြည်ချက်သဘောထားများကို ဖော်ပြရန် နေရာများနည်းပါးသောကြောင့် ဘီလီဘီလီနှင့် ဝီဘိုတို့ကဲ့သို့သော ပလက်ဖောင်းများသည် စိတ်သောကရောက်နေသော တရုတ်လူငယ်များအတွက် အရေးပါသော စုဝေးရာနေရာများ ဖြစ်လာသည်။
 
E-House Real Estate Research Institute ၏ အဆိုအရ တရုတ်နိုင်ငံ၏ အိမ်ရာဈေးနှုန်းမှ ဝင်ငွေသည် ပြီးခဲ့သည့်နှစ်က နှစ် ၂၀အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး ၉.၂ အထိ မြင့်တက်လာခြင်း ဖြစ်ရာ ဆိုလိုသည်မှာ အိမ်ထောင်စုတစ်စု၏ ပျမ်းမျှဝင်ငွေထက် ၉ ဆကျော် ရှိသည်။ အာဏာပိုင်များက ၂၀၀၈ ခုနှစ်တွင် စတင်ခဲ့သော ဈေးနှုန်းမြင့်တက်မှုကို တည်ငြိမ်စေမည်ဟု ထပ်ခါတလဲလဲ အာမခံထားသော်လည်း ထိုသို့ဖြစ်ပျက်နေဆဲဖြစ်သည်။

အခြားတစ်ဖက်တွင် စားနပ်ရိက္ခာ ဈေးနှုန်းများသည် ပြီးခဲ့သည့်နှစ်က ၁.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အသားစိမ်း ၇.၁ ရာခိုင်နှုန်းနှင့် ဝက်သားဈေး ၄၉.၇ ရာခိုင်နှုန်း မြင့်တက်လာကြောင်း အမျိုးသားစာရင်းအင်းဗျူရို (NBS)အရ သိရသည်။

 ဇန်နဝါရီလတွင် ဟင်းသီးဟင်းရွက်ဈေးများ သိသိသာသာမြင့်တက်ခဲ့ပြီး ငရုတ်ပွသီး၊ ကျောက်ဖရုံသီးနှင့် ဂေါ်ဖီထုပ် ၃၀ ရာခိုင်နှုန်းကျော် မြင့်တက်လာကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနမှ ပြောကြားခဲ့သည်။
တစ်ချိန်တည်းတွင် ဗဟိုဘဏ် ဒုတိယဥက္ကဌ ချန်းယူလူက ယခုနှစ်တွင် ငွေကြေးဖောင်းပွမှု အသင့်အတင့် တိုးတက်မှုရှိလိမ့်မယ်ဟု ပြောကြားခဲ့ချိန်တွင် လူမှုမီဒီယာအပေါ် လူထု၏ ဒေါသက ပိုမိုပြင်းထန်လာကြောင်း SCMP မှ Zhous က ရေးသားခဲ့သည်။

“အသင့်အတင့် တိုးတက်မှုတဲ့လား၊ ငါတို့က ပြုတ်ခံထားရတဲ့ ဖားတွေဖြစ်နေပြီး မင်းက ဆက်ပြီး အပူပေးနေတာပဲ”ဟု ဝီဘိုပေါ်တွင် လူတစ်ဦးကဆိုသည်။

“ငွေကြေးဖောင်းပွမှုကို ဘယ်လိုမျိုး ဒီလိုနည်းနဲ့ ချီးကျူးရတာလဲ။ အသင့်အတင့် တိုးတက်မှုဆိုတာက ဈေးနှုန်းကို နှစ်ဆတိုးတာပါ”ဟု နောက်ထပ် ဝီဘိုအသုံးပြုသူက ပြောကြားသည်။
 
ဆိုရှယ်မီဒီယာအပေါ် တရုတ်၏စီးပွားရေးနှင့် ပတ်သက်၍ အကောင်းမြင်ခြင်းသည် နိုင်ငံ၏ ကျယ်ပြန့်သော အွန်လိုင်းဆင်ဆာစနစ်ကြောင့် အခြားအကြောင်းအရာများနှင့် ပတ်သက်၍ များသောအားဖြင့် ကွန်မြူနစ်ပါတီ ဝါဒဖြန့်ချိခြင်းဖြစ်သည်ဟု ပေကျင်းအခြေစိုက် လွတ်လပ်သောပညာရှင် ဝူချင်းက ပြောကြားခဲ့သည်။

“တရုတ်မီဒီယာမှာရှိတဲ့ အမျိုးသားရေးဝါဒက ပြည်သူတွေကို စစ်မှန်တဲ့ တန်းတူညီမျှမှုနဲ့ နိုင်ငံရေးအခွင့်အရေးတွေမပေးဘဲ အချည်းနှီး ဆောင်ပုဒ်တွေကတဆင့် မညီမျှမှုကို ဖုံးကွယ်ထားဖို့လုပ်တဲ့ အစစ်အမှန်မဟုတ်တဲ့ အယူအဆတစ်ခုဖြစ်ပါတယ်။ ဒါက သူတို့ရဲ့ဘဝမှာ ခံစားနေရတဲ့ ဆင်းရဲဝေဒနာများကို ထင်ဟပ်ပြခြင်းဖြစ်တယ်”ဟု သူက ပြောကြားခဲ့သည်။

 သူကထပ်မံပြောကြားခဲ့သည်မှာ အစိုးရ အရင်းရှင်စနစ်လက်အောက်တွင် တရုတ်၏ ကြီးထွားလာမှုသည် ပြည့်စုံသော အလုပ်သမားအခွင့်အရေးများ မရှိခြင်းနှင့် တစ်ပတ်လျှင်ခြောက်ရက်၊ နံနက် ၉ နာရီမှညနေ ၉ နာရီအထိ အလုပ်လုပ်ရနိုင်သော လူငယ်များအတွက် ‘ဝိရောဓိ’ ဖြစ်သည်။

CEIC ၏ အချက်အလက်များအရ တရုတ်၏ ပုဂ္ဂလိကသုံးစွဲမှုသည် ဂျီဒီပီ၏ ၃၉ ရာခိုင်နှုန်းရှိပြီး အမေရိကန်နှင့် ဥရောပထက် ၃၀ ရာခိုင်နှုန်း နိမ့်ကျနေသည်။

 SCMP ၏ အဆိုအရ တရုတ်နိုင်ငံ၏ အိမ်ထောင်စုဝင်ငွေ နည်းပါးခြင်းနှင့် ဝန်ဆောင်မှုကဏ္ဏတွင် အလုပ်အကိုင် နည်းပါးမှုသည် တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပျမ်းမျှအလုပ်သမားများ၏ ဘဝကျေနပ်မှုအကြား ကွဲပြားမှုကို အရိပ်အမြွက် ဖော်ပြသည်။

“နှစ်စဉ် တရုတ်သည် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု အမြောက်အများ ထုတ်လုပ်သော်လည်း ၎င်း၏ နေထိုင်သူများမှ အမှန်တကယ်သုံးစွဲသော ပမာဏသည် အခြားနိုင်ငံများထက် များစွာလျော့နည်းနေသည်”ဟု Fudan တက္ကသိုလ်မှ ပါမောက္ခရှီက ပြောကြားခဲ့သည်။

 သူ၏ လေ့လာမှုအရ ဝန်ဆောင်မှုလုပ်ငန်းများသည် တရုတ်၏ ဂျီဒီပီ၏ အနိမ့်ဆုံးရာခိုင်နှုန်းကို ပိုင်ဆိုင်ကြောင်းနှင့် ၎င်းသည် အိန္ဒိယနှင့် ဘရာဇီးကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများထက် ၁၀ ရာခိုင်နှုန်း ပိုမိုနိမ့်သည်ဟု ရှီက ထပ်မံ ပြောကြားခဲ့သည်။

ကွန်မြူနစ်နိုင်ငံသည် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် ဆင်းရဲနွမ်းပါးမှုအား တရားဝင် အဆုံးသတ်စေခဲ့သည်ဟု ကြေငြာခဲ့သော်လည်း အထူးသဖြင့် မြို့ကြီးများနှင့် ကျေးလက်ဒေသများအကြား ဆင်းရဲနွမ်းပါးမှု နှိုင်းယှဉ်ချက်သည် ပြင်းထန်လာသည်။

 တစ်ချိန်တည်းတွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာတွင် Renmin တက္ကသိုလ် စီးပွားရေးဌာနမှ Hao Qi ထုတ်ဝေသော သုတေသနစာတမ်းတွင် တရုတ်အမျိုးသား ဝင်ငွေ၏ လုပ်သားအင်အားသည် ၁၉၉၅ခုနှစ်တွင်  ၅၁.၄ ရာခိုင်နှုန်းမှ ၂၀၀၈ခုနှစ်တွင် ၄၃.၇ ရာခိုင်နှုန်းထိ ကျဆင်းသွားသည်ဟု ဂျောင် က တင်ပြထားသည်။

ရင်းနှီးမြှုပ်နှံမှု အမြတ်အစွန်းသည် အနည်းငယ်သော သူများ၏ လက်ထဲတွင်သာရှိကြောင်းနှင့် အလုပ်သမားအများစုသည် ဖွံ့ဖြိုးပြီးနိုင်ငံများမှ ဂျီဒီပီတိုးတက်မှု၏ အနိမ့်ဆုံးရရှိမှုဖြစ်ကြောင်း ၎င်းကိန်းဂဏန်းများက မီးမောင်းထိုးပြနေသည်ဟု ရှီက ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly