အာဏာသိမ်းမှုကြောင့် မြန်မာကို အကူအညီပေးမှုများ နော်‌ဝေ ရပ်ဆိုင်းထား

အာဏာသိမ်းမှုကြောင့် မြန်မာကို အကူအညီပေးမှုများ နော်‌ဝေ ရပ်ဆိုင်းထား
Photo: Lynn Bo Bo/EPA

ဖေဖေါ်၀ါရီ ၁၉

ယခုလအစောပိုင်းက စစ်တပ်အာဏာသိမ်းမှု ဖြစ်ခဲ့သော မြန်မာနိုင်ငံထံ နှစ်ဘက်အစိုးရများအကြား ဆောင်ရွက်သည့် အကူအညီပေးအပ်မှုများ ရပ်ဆိုင်းထားပြီဖြစ်ကြောင်း နော်ဝေနိုင်ငံက ဖေဖေါ်၀ါရီ ၁၈ ရက်တွင် ပြောသည်။

ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်၊ သဘာ၀ပတ်၀န်းကျင်နှင့် ပင်လယ်သမုဒ္ဒရာများ ထိန်းသိမ်းစောင့်ရှောက်ရေး အပါအ၀င် နယ်ပယ်ဧရိယာများတွင် မြန်မာရှိ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ၌ ကျွမ်းကျင်မှုကို ကူညီမြှင့်တင်ပေးရန်အတွက် နော်‌ဝေနိုင်ငံသည် ၂၀၂၁ ခုနှစ်အတွက် ဘတ်ဂျက် ကရိုနာ ၆၆ ဒသမ ၅ သန်း ( ယူရို ၆ ဒသမ ၅ သန်း၊ ဒေါ်လာ ၇ ဒသမ ၈၄ သန်း) လျာထားခဲ့သည်။

“ဖေဖေါ်၀ါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှုက မြန်မာနိုင်ငံမှာ နော်ဝေရဲ့ ပါ၀င်ပတ်သက်မှု အခြေအနေတွေကို ပြောင်းလဲစေခဲ့ပါတယ်၊ ဒါကတော့ မြန်မာနိုင်ငံက အစိုးရ အဖွဲ့အစည်းတွေနဲ့ နော်ဝေနဲ့အကြား ပရော်ဖက်ရှင်နယ် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှစ်နိုင်ငံအကြား အစီအစဥ်တွေကို နော်‌ဝေဘက်က ရပ်ဆိုင်းထားလိုက်ရတဲ့ အကြောင်းရင်းလည်း ဖြစ်ပါတယ်” ဟု နော်ဝေ နိုင်ငံခြားရေး၀န်ကြီးဌာနက ထုတ်ပြန်သည်။

သို့သော် ကုလသမဂ္ဂ အေဂျင်စီများနှင့် လူမှုရေးအဖွဲ့အစည်းများကနေတဆင့် မြန်မာပြည်သူများထံ ပေးအပ်သော နော်ဝေအကူအညီများမှာမူ ယခု ဆုံးဖြတ်ချက်ကြောင့် ထိခိုက်မည်မဟုတ်ဘဲ ထိုအကူအညီများကို ဆက်လက်ပေးအပ်သွားမည်ဟု ၀န်ကြီးဌာနက ပြောသည်။

ရပ်ဆိုင်းထားလိုက်သည့် ငွေပမာဏများထဲတွင် ပူးပေါင်းဆောင်ရွက်ရေး အစီအစဥ်များ၌ ပါ၀င်နေခဲ့သော နော်ဝေ ကျွမ်းကျင်ပညာရှင်များ၏ ပေးငွေများအပေါ် အဓိက သက်ဆိုင်ပြီး မြန်မာအဖွဲ့အစည်းများထံ ပေးအပ်သည့် ပေးငွေများ၏ နည်းပါးသော ပမာဏတစ်ခုကိုသာ သက်ဆိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ အပြတ်အသတ်နိုင်သည့် နို၀င်ဘာ ရွေးကောက်ပွဲတွင် မဲမသမာမှု ရှိခဲ့၍ဟု ဆိုပြီး စစ်တပ်က ဖေဖော်၀ါရီ ၁ ရက်တွင် အာဏာသိမ်းခဲ့ကာ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ထိန်းသိမ်းထားခဲ့သည်။

စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတွင် ပြည်သူလူထု၏ ဆန့်ကျင်ဆန္ဒထုတ်ဖော်မှုများ ပေါ်ပေါက်ခဲ့ပြီး စစ်တပ်ဘက်က ပြင်းထန်ကြမ်းတမ်းသည့် နှိမ်နင်းဖြိုခွင်းမှုဖြင့် တုံ့ပြန်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly