အိန္ဒိယနယ်စပ်၌ ဖြစ်ပွားခဲ့သော ဇွန်လပဋိပက္ခတွင် တရုတ်စစ်သား ၄ ဦး သေဆုံးခဲ့

အိန္ဒိယနယ်စပ်၌ ဖြစ်ပွားခဲ့သော ဇွန်လပဋိပက္ခတွင် တရုတ်စစ်သား ၄ ဦး သေဆုံးခဲ့
Photo: AFP

ဖေဖော်ဝါရီ ၁၈  

ပြီးခဲ့သည့်နှစ် ဇွန်လက တရုတ်နှင့်အိန္ဒိယတပ်ဖွဲ့အကြား နယ်စပ်ခိုက်ရန်ဖြစ်ပွားမှုအတွင်း တရုတ်စစ်တပ်က ၎င်းတို့တပ်သား လေးဦးသေဆုံးခဲ့ကြောင်း သောကြာနေ့တွင် ပထမဆုံးအကြိမ် အတည်ပြုပြောဆိုလိုက်သည်။ ၎င်းနယ်စပ်ရန်ပွဲတွင် အိန္ဒိယစစ်သား အနည်းဆုံး ၂၀ ဦးလည်း သေဆုံးခဲ့သည်။  

“ဂယ်ဝမ်တောင်ကြားမှာ ပြည်ပတပ်ဖွဲ့နဲ့  ဇွန်လတုန်းကဖြစ်ပွားခဲ့တဲ့ ထိပ်တိုက်တွေ့မှုမှာ တရုတ်စစ်သားတွေဟာ သူတို့ကိုယ်သူတို့ ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့ကြတာဖြစ်ပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။  

အိန္ဒိယနှင့်တရုတ်တို့သည် ၁၉၆၂ ခုနှစ်က နယ်စပ်စစ်ပွဲဖြစ်ပွားခဲ့ပြီး တိဘက်အခြားတစ်ဖက်ရှိ အိန္ဒိယနယ်စပ် လာဒက်ဒေသတွင် မည်သည့်အချိန်ကမျှ သဘောတူညီမှုမရှိခဲ့သည့် နယ်စပ်မျဉ်းကို ဖြတ်ကျော်ရန်ကြိုးစားခဲ့သည်ဟု အချင်းချင်း စွပ်စွဲနေခဲ့ကြသည်မှာ ကြာပြီဖြစ်သည်။  

ပြီးခဲ့သည့်နှစ် ဇွန်လက ဂယ်ဝမ်တောင်ကြား၌ဖြစ်ပွားခဲ့သော ရန်ပွဲတွင် အိန္ဒိယစစ်သား ၂၀ ဦးသေဆုံးခဲ့ပြီး  မကြာသေးမီဆယ်စုနှစ်များအတွင်း နှစ်ဖက်အကြား အသေအပျောက်အများဆုံး ရန်ပွဲဖြစ်သည်။  

ထိုစဉ်က ပေကျင်းသည် ၎င်းပဋိပက္ခကြောင့် သေဆုံးမှုများရှိခဲ့ကြောင်း ဝန်ခံခဲ့သော်လည်း တရုတ်စစ်သားများ သေဆုံးခြင်း ရှိ/မရှိကို အတည်မပြုခဲ့ပေ။  

ကျဆုံးသွားသော တပ်ရင်းမှူး Chen Hlongjun နှင့်တခြားစစ်သား သုံးဦးအား ဂုဏ်ပြုဆုချီးမြှင့်လိုက်သည်ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ 

ထို့ပြင် ထုတ်ပြန်ချက်၌ ပြည်ပတပ်ဖွဲ့များသည် သဘောတူညီချက်ကို ဗြောင်ကျကျချိုးဖောက်လျက် ၎င်းတို့ထံရောက်ရှိခဲ့ကြောင်းနှင့် စခန်းချတဲများတည်ဆောက်ရန် နယ်ခြားစည်းကို ကျော်ခဲ့ကြောင်း ဇွန်လ ရန်ပွဲကို ဝေဖန်ပြစ်တင်ထားသည်။  

တရုတ်တပ်ဖွဲ့များသည် အရေးပါသောအောင်ပွဲ၌ ပြိုင်ဘက်ရန်သူများကို မောင်းထုတ်နိုင်ခဲ့ပြီး အခြားတစ်ဖက်ကတပ်ဖွဲ့သည် နယ်စပ်တစ်ခြမ်း၌ရောက်နေသော ၎င်းတို့ဘက်မှ ဒဏ်ရာရသူ သို့မဟုတ် သေဆုံးသူများစွာကို စွန့်ပစ်လျက် ထွက်ပြေးသွားခဲ့သည်ဟု ဆိုသည်။  

တရုတ်နှင့်အိန္ဒိယတို့သည် နောက်ပိုင်းတွင် နယ်စပ်ဆီ အရန်တပ်ဖွဲ့ထောင်ပေါင်းများစွာ စေလွှတ်ခဲ့ကြသည်။  

နှစ်ဖက်အဖွဲ့သည် နယ်စပ်တစ်လျှောက်တွင် တိုက်ခိုက်မှုရပ်စဲရန် ပြီးခဲ့သည့် သီတင်းပတ်က သဘောတူခဲ့ကြသည်။ 

အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာ့ဂျ်နက်ဆင်းက သဘောတူညီချက်သည် ပြီးခဲ့သည့်နှစ် လိပ်ခဲတည်းလည်းအခြေအနေမစတင်မီတည်ရှိနေသော အခြေအနေဆီ ပြန်လည်ရောက်ရှိလိမ့်မည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly