ကာကွယ်ရေးဝန်ကြီး မြထွန်းဦးအပါ စစ်အရာရှိကြီး သုံးဦးကို လွန်ကဲတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ဗြိတိန် ဆန်ရှင်ချ

ကာကွယ်ရေးဝန်ကြီး မြထွန်းဦးအပါ စစ်အရာရှိကြီး သုံးဦးကို လွန်ကဲတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ဗြိတိန် ဆန်ရှင်ချ

အရှေ့တောင်အာရှ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် လွန်ကဲတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် စစ်အရာရှိကြီး သုံးဦးအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင်ချမှတ်ကြောင်း ဗြိတိန်နိုင်ငံက ကြာသပတေးနေ့မှာ ကြေညာပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေါမနစ်ရတ်ဘ်က “ဒီကနေ့မှာ ဗြိတိန်နိုင်ငံအနေနဲ့ အာဏာသိမ်းမှုအပြီး မြန်မာပြည်သူတွေအပေါ် လွန်ကဲတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ နောက်ထပ် တာဝန်ရှိသူတွေကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူပါပြီ။ ကျွန်တော်တို့ဟာ လူ့အခွင့်အရေး ချိုးဖောက်သူတွေကို တာဝန်ခံခိုင်းသွားမှာ ဖြစ်ကြောင်းကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း သိစေတာပါပဲ။ ကျွန်တော်တို့ မြန်မာပြည်သူတွေနဲ့ အတူရပ်တည်နေပါတယ်”ဆိုပြီး ပြောခဲ့ပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ကာကွယ်ရေးဝန်ကြီးနဲ့ ပြည်ထဲရေးဝန်ကြီးအပါအဝင် စစ်ဗိုလ်ချုပ်ကြီး သုံးဦးကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူကြောင်းနဲ့ မြန်မာစစ်အာဏာသိမ်းအဖွဲ့နဲ့ လုပ်ကိုင်နေတဲ့ ဗြိတိန်စီးပွားရေးလုပ်ငန်းတွေကိုလည်း ရပ်တန့်ဖို့ စတင်လုပ်ဆောင်ပြီးကြောင်း ကြေညာထားပါတယ်။

ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နဲ့ ပြည်ထဲရေးဒုတိယဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်တို့ကို ပိုင်ဆိုင်မှုတွေ ထိန်းချုပ်ခြင်းနဲ့ ခရီးသွားလာခွင့် ပိတ်ပင်တာဟာ ချက်ချင်းအသက်ဝင်မှာ ဖြစ်တယ်လို့ ဗြိတိန်က ဆိုပါတယ်။

ဗြိတိန်နိုင်ငံအနေနဲ့ မြန်မာစစ်ဖက်ဆိုင်ရာ လူပုဂ္ဂိုလ် ၁၆ ဦးကိုလည်း ဒဏ်ခတ်ပိတ်ဆို့ ဆန်ရှင်ချထားပြီး ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံဟာ ပြီးခဲ့တဲ့ သီတင်းပတ်မှာ မြန်မာစစ်တပ်ကို ဒဏ်ခတ်ပိတ်ဆို့မှုသစ်တွေ ထပ်မံချမှတ်ခဲ့ပြီး အခြား ကုလသမဂ္ဂအဖွဲ့ဝင်တွေအနေနဲ့လည်း လိုက်ပါဆောင်ရွက်ကြဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက “နိုင်ငံတကာ မဟာမိတ်တွေနဲ့အတူ ကျွန်တော်တို့ဟာ မြန်မာစစ်တပ်ကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ခံခိုင်းမှာ ဖြစ်ပြီး မြန်မာပြည်သူတွေအတွက် တရားမျှတမှုကို ဆောင်ကြဉ်းပေးသွားမှာ ဖြစ်ပါတယ်။”လို့ ပြောခဲ့ပါတယ်။

ဖေဖော်ဝါရီ၁ ရက်နေ့မှာ စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ အခြားခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းပြီး အာဏာသိမ်းခဲ့ချိန်ကစလို့ လက်ရှိအထိ နိုင်ငံတဝန်းမှာ ကန့်ကွက်ဆန္ဒပြမှုတွေ အရှိန်တိုးမြင့် ဖြစ်ပွားပေါ်ပေါက်လျက် ရှိနေပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required