မြန်မာ အာဏာသိမ်း စစ်တပ်ခေါင်းဆောင်များကို ယူကေနှင့် ကနေဒါက ဒဏ်ခတ်အရေးယူ

By AFP/ Sputnik
19 February 2021
မြန်မာ အာဏာသိမ်း စစ်တပ်ခေါင်းဆောင်များကို ယူကေနှင့် ကနေဒါက ဒဏ်ခတ်အရေးယူ
Photo: EPA

ဖေဖေါ်၀ါရီ ၁၉

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် စစ်တပ်ခေါင်းဆောင်များကို ဗြိတိန်နှင့် ကနေဒါတို့က ဖေဖေါ်၀ါရီ ၁၈ ရက်တွင် ဒဏ်ခတ်အရေးယူမှုများ ချမှတ်ခဲ့သည်။

ကာကွယ်ရေးနှင့် ပြည်ထဲရေး ၀န်ကြီး အပါအ၀င် စစ်အာဏာသိမ်းအုပ်စုမှ အရာရှိကြီးသုံးဦးကို အရေးယူဒဏ်ခတ်ကြောင်း ယူကေနိုင်ငံခြားရေး၀န်ကြီးဌာနက ထုတ်ပြန်သည်။ ထို့ပြင် စစ်အာဏာသိမ်းအုပ်စုနှင့်အကြား လုပ်ဆောင်သည့် ယူကေ စီးပွားရေးလုပ်ငန်းများကို ရပ်ဆိုင်းရန် ပြန်လည်သုံးသပ်မှုတစ်ရပ် စတင်လုပ်ဆောင်နေပြီဟုလည်း ယင်းက ထုတ်ပြန်ခဲ့သည်။

“စစ်တပ်အာဏာသိမ်းတာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားနိုင်ငံ‌ရေးခေါင်းဆောင်တွေကို တစ်ဖက်သတ် ဖမ်းဆီးထိန်းသိမ်းထားတာတို့ကို ယူကေအနေနဲ့ ပြစ်တင်ရှုတ်ချပါတယ်” ဟု နိုင်ငံခြားရေး၀န်ကြီး ဒိုမိနစ် ရာ့ဘ်က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

“နိုင်ငံတကာ မဟာမိတ်တွေနဲ့အတူ ကျွန်တော်တို့ဟာ မြန်မာစစ်တပ်ကို သူတို့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ပြန်တာ၀န်ခံရစေအောင် လုပ်သွားမှာဖြစ်ပါတယ်၊ မြန်မာပြည်သူတွေအတွက် တရားမျှတမှု ရအောင် ဆက်လုပ်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

အမေရိကန်နိုင်ငံကလည်း အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်များကို အရေးယူဒဏ်ခတ်မှုများ လုပ်ဆောင်ထားပြီး ဖြစ်သည်။

ကနေဒါ နိုင်ငံခြားရေး၀န်ကြီး မာ့ ဂါနူးကလည်း မြန်မာ စစ်တပ်အရာရှိကြီး ကိုးဦးအပေါ် ဒဏ်ခတ်သည့် အရေးယူမှုကို ကြေညာသွားခဲ့သည်။

“ဒီနေ့ ကြေညာခဲ့တဲ့ အရေးယူဒဏ်ခတ်မှုတွေကတော့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ အခွင့်အရေးတွေနဲ့ ဆန္ဒတွေကို မြန်မာစစ်တပ်ဘက်က လုံးလုံးလျားလျား လျစ်လျူရှုခဲ့မှုနဲ့ မြန်မာစစ်တပ် လုပ်ခဲ့တဲ့ လုပ်ရပ်တွေကို ကနေဒါဘက်က လက်ခံမှာမဟုတ်ဘူးဆိုတာကို ရှင်းလင်းတဲ့ မက်ဆေ့ချ်တစ်ခုပေးဖို့ စုစည်းညီညွတ်တဲ့ တုံ့ပြန်မှုရဲ့ တစ်စိတ်တစ်ဒေသဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် လုံးလုံးလျားလျား စစ်အုပ်ချုပ်ရေးကနေ ဆယ်စုနှစ်တစ်စုကြာ အသွင်းကူးပြောင်းမှုတစ်ခုသည် ဖေဖေါ်၀ါရီ ၁ ရက် စစ်အာဏာသိမ်းမှုကြောင့် အဆုံးသတ်ခဲ့ပြီး ဒီမိုကရေစီ နည်းကျ ‌ရွေးကောက်ခံထားခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားခေါင်းဆောင်များ ဖမ်းဆီးခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ အပြတ်အသတ်နိုင်ခဲ့သည့် ပြီးခဲ့သည့် နို၀င်ဘာ ရွေးကောက်ပွဲတွင် မဲမသမာမှု ရှိခဲ့၍ဟု ဆိုပြီး စစ်ဗိုလ်ချုပ်ကြီးများက အာဏာရယူခဲ့သည်။

ယူကေ၏ အရေးယူဒဏ်ခတ်မှုများသည် ကာကွယ်ရေး၀န်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထဲရေး၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ပြည်ထဲရေးဒု၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင် တို့ကို အရေးယူလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံရှိ လုံခြုံရေးဆိုင်ရာ လုပ်ငန်းများကို အဓိက ညွှန်ကြားနေသည့် ၀န်ကြီးများကို ယူကေအစိုးရက အရေးယူခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့ကို ယူကေသို့ ခရီးသွားခြင်းမှ ပိတ်ပင်လိုက်သလို ဗြိတိန်တွင် ၎င်းတို့ ထားရှိကောင်းထားရှိနိုင်သည့် ပိုင်ဆိုင်မှုများကို ပိတ်ပင်လိုက်ပြီ ဖြစ်သည်။

ကနေဒါနိုင်ငံက အရေးယူဒဏ်ခတ်လိုက်သူများထဲတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုး၀င်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်းတို့ ပါ၀င်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly