စစ်အာဏာသိမ်းမှု ဆန့်ကျင်ပြီး ပါရီက မြန်မာသံရုံးရှေ့ စုရုံးဆန္ဒပြ

စစ်အာဏာသိမ်းမှု ဆန့်ကျင်ပြီး ပါရီက မြန်မာသံရုံးရှေ့ စုရုံးဆန္ဒပြ

ပါရီက မြန်မာသံရုံးရှေ့မှာ လူ ၃၀ နီးပါး ကြာသပတေးနေ့က စုရုံးကြပြီး မြန်မာစစ်အာဏာသိမ်းအစိုးရရဲ့ ဗိုလ်ချုပ်ကြီးတွေကို စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုဆန္ဒပြကြပါတယ်။

“နေ့ပိုင်းအချိန်တွေမှာတော့ စစ်အာဏာသိမ်းအစိုးရဟာ လမ်းတွေပေါ် စုရုံးချီတက်တာကို ခွင့်ပြုပေးထားတယ်။ ည ၈ နာရီ ကာဖျူးထုတ်ထားပြီး ညပိုင်းဆိုရင်တော့ အိမ်တွေကို ဝင်စီးတယ်၊ ပြည်သူတွေကို လက်လွတ်စပယ် ပစ်ခတ်တယ်။”လို့ မြန်မာအမျိုးသမီး တက်ကြွလှုပ်ရှားသူ မခင်ဇင်မင်းက ပြောပါတယ်။

“ကျွန်မတို့မှာ မြန်မာနိုင်ငံမှာ မိသားစုတွေ ရှိတယ်။ သူတို့ကို ဆက်သွယ်လို့ မရဘူး။ နောက်ပြီး ပြီးခဲ့တဲ့ နှစ်တွေမှာ ကျွန်မတို့တွေ ကြိုးစားထားသမျှကို စစ်အာဏာသိမ်းအစိုးရဟာ အစစ ဖျက်ဆီးပစ်နေတော့တယ်။ ဒါကို ကျွန်မတို့ ငြိမ်ခံနေလို့ မဖြစ်ဘူး။ဆိုပြီး သူက ဆိုပါတယ်။

ပြင်သစ် မြန်မာအသိုင်းအဝိုင်းက ပြောခွင့်ရသူ ကိုထင်ကျော်လွင်ကလည်း “ညတိုင်း တရုတ်က လေယာဉ်တွေ နှစ်ခေါက်သုံးခေါက် ခရီးစဉ်ပျံသန်းပြီး မြန်မာနိုင်ငံထဲ ဝင်ရောက်နေတယ်။ တရုတ်ဆီက ခုလို လေယာဉ်တွေ ဘာကြောင့် လာရောက်နေသလဲဆိုပြီး ပြည်သူတွေဟာ စိုးရိမ်နေကြတယ်။”ဆိုပြီး ပြောပါတယ်။

“မြန်မာပြည်သူတွေကို ကျွန်မ စိတ်ချယုံကြည်တယ်။ generations X,Y,Z တွေအားလုံးပါဝင်တဲ့ ပြည်သူအားလုံးရဲ့ အသိဉာဏ်ရေချိန်ကိုလည်း ယုံကြည်ပြီးသားပဲ။ လမ်းတွေပေါ်မှာ ပြည်သူတွေကို သတ်ဖြတ်လို့ မရဘူးလို့ ကျွန်မ မြင်တယ်။”လို့ ဆရာဝန်သုတေသီတစ်ဦးဖြစ်တဲ့ မတင်တင်ထားမြင့်က ဆိုပါတယ်။

“ကျွန်မတို့တွေရဲ့ လှုပ်ရှားမှုတွေကို နိုင်ငံတကာအသိုင်းအဝန်းက ပံ့ပိုးပေးဖို့နဲ့ စစ်တပ်ကို ပစ်မှတ်ထားပြီး ဒဏ်ခတ်ပိတ်ဆို့ဖို့ အလွန်အရေးကြီးတာကို ကျွန်မ တိုက်တွန်းလိုတယ်။”ဆိုပြီး သူက ဆက်လက်ပြောပါတယ်။

ဖေဖော်ဝါရီ၁ ရက်နေ့က စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ အခြားခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းပြီး အာဏာသိမ်းခဲ့ချိန်ကစလို့ လက်ရှိအထိ နိုင်ငံတဝန်းမှာ ကန့်ကွက်ဆန္ဒပြမှုတွေ အရှိန်တိုးမြင့် ဖြစ်ပွားပေါ်ပေါက်လျက် ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly