Perseverance စူးစမ်းရေးစက်ရုပ်ယာဉ် အင်္ဂါဂြိုဟ် မျက်နှာပြင်ပေါ်သို့ အောင်မြင်စွာ ဆင်းသက်

Perseverance စူးစမ်းရေးစက်ရုပ်ယာဉ် အင်္ဂါဂြိုဟ် မျက်နှာပြင်ပေါ်သို့ အောင်မြင်စွာ ဆင်းသက်
Photo: AFP

ဖေဖော်ဝါရီ ၁၉ 

စူးစမ်းရေးစက်ရုပ်ယာဉ် Perseverance ဟာ အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ်ကို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့တယ်လို့ NASA က ကြာသပတေးနေ့မှာ အတည်ပြုလိုက်ပြီး ဆင်းသက်နေတဲ့ ခုနစ်မိနစ်တာအတောအတွင်းကို ထိတ်လန့်တုန်လှုပ်စရာကာလလို့ သိပ္ပံပညာရှင်တွေက သတ်မှတ်ကြပါတယ်။ ဒီစက်ရုပ်ယာဉ်မှာ မြန်မာအင်ဂျင်နီယာ ဒေါ်မီမီအောင် အဖွဲ့က တီထွင်ထားတဲ့ Ingenuity ခေါ် ဒရုန်းရဟတ်ယာဉ်ကိုလည်း တင်ဆောင်သွားတာဖြစ်ပါတယ်။ 

ဒီစစ်ဆင်ရေးရဲ့ခေါင်းဆောင်ဖြစ်တဲ့ Swati Mohan က ဒေသစံတော်ချိန် နေ့ခင်း ၃ နာရီ ၅၅ မိနစ်မှာ စူးစမ်းရေးယာဉ် ဆင်းသက်ပြီဖြစ်ကြောင်း အတည်ပြုလိုက်ချိန်မှာ NASA ရဲ့ Jet Propulsion Laboratory သုတေသနဌာနချုပ်က မစ်ရှစ်ထိန်းချုပ်ရေးအဖွဲ့တွေက  အော်ဟစ်ကာ ကောင်းချီးပေးခဲ့ကြပါတယ်။ 

NASA က တွဲဖက် အုပ်ချုပ်ရေးမှူး Thomas Zurburchen က Perseverance ဟာ အင်္ဂါဂြိုဟ်မြောက်ပိုင်း Jezero ချိုင့်ဝှမ်းကနေ ပထမဆုံး အဖြူအမဲဓာတ်ပုံတွေကို ပေးပို့ခဲ့တယ်လို့ တွစ်တာမှာရေးတင်ခဲ့ပါတယ်။

SUV ကားအရွယ်အစားရှိပြီး တစ်တန်အလေးချိန်ရှိတဲ့ Perseverance စက်ရုပ်ယာဉ်ဟာ နှစ်မီတာ (ခုနစ်ပေ) အရှည်ရှိ စက်ရုပ်လက်တံရှည်တစ်ခု ၊ ကင်မရာ ၁၉ လုံး၊ မိုက်ခရိုဖုန်း နှစ်လုံးနဲ့ သိပ္ပံဆိုင်ရာအချက်အလက်များရရှိရေးအတွက် အထောက်အကူဖြစ်စေမဲ့ နောက်ဆုံးပေါ် ခေတ်မီကိရိယာအစုံလိုက်လည်း ပါပါတယ်။

ဒီနေ့အချိန်ထက် ပိုမိုပူးနွေးပြီး စိုစွတ်ချိန် လွန်ခဲ့တဲ့နှစ်ပေါင်းဘီလီယံများစွာက တည်ရှိနိုင်တဲ့ အလွန်တရာသေးငယ်တဲ့ ရောဂါပိုးမွှားတွေရဲ့ ဇီဝလက္ခဏာတွေကို ရှာဖွေဖို့ နှစ်ပေါင်းများစွာလုပ်ဆောင်မဲ့မစ်ရှင်ကို Perseverance က စတင်လိုက်တာဖြစ်ပါတယ်။ 

နွေရာသီကစလို့ စက်ရုပ်ယာဉ်ဟာ ပြွန်တွေထဲကို ကျောက်တုံးနဲ့မြေသားနမူနာ ၃၀ ကို ကြိုးစားကောက်ယူသွားမှာဖြစ်ပြီး ဓာတ်ခွဲစစ်ဆေးဖို့အတွက် အဲဒီနမူနာထည့်ထားတဲ့အလုံပိတ်ပြွန်ပုံစံဘူးတွေကို ၂၀၃၀ ပြည့်နှစ်အတွင်း ကမ္ဘာမြေဆီ တဖြည်းဖြည်း ပြန်ပို့သွားမှာဖြစ်ပါတယ်။

NASA က ဘူမိဗေဒပညာရှင် Katie Stack Morgan က “ကမ္ဘာ့အပြင်ဘက်မှာ သက်ရှိတွေ ရှိ/မရှိ ဆိုတာ ကျွန်မတို့အတွက် အခြေခံအကျဆုံးနဲ့ မဖြစ်မနေမေးရမဲ့ မေးခွန်းတွေထဲက တစ်ခုပါ” လို့ဆိုပါတယ်။

ကမ္ဘာ့လေထုသိပ်သည်းဆရဲ့ တစ်ရာခိုင်နှုန်းသာရှိတဲ့ အင်္ဂါဂြိုဟ်လေထုမှာ Ingenuity လို့ခေါ်တဲ့ ဟယ်လီကော်ပတာဒရုန်းနဲ့  တခြားဂြိုဟ်ပေါ်မှာ ပထမဆုံး စွမ်းအင်သုံးလေယာဉ် စမ်းသပ်ပျံသန်းနိုင်ရေးကြိုးပမ်းမှုအပါအဝင် NASA ဟာ အံ့ဩမှင်သက်စရာကောင်းတဲ့ စမ်းသပ်မှုမျိုးစုံကို လုပ်ဆောင်ချင်နေတာလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly