မြန်မာ့အရေးအခင်းနှင့်စပ်လျဉ်း၍ စီးပွားရေးအသိုက်အဝန်းအနေဖြင့် ရဲတင်းပွင့်လင်းစွာ အသံပြုသင့်

မြန်မာ့အရေးအခင်းနှင့်စပ်လျဉ်း၍ စီးပွားရေးအသိုက်အဝန်းအနေဖြင့် ရဲတင်းပွင့်လင်းစွာ အသံပြုသင့်
Photo: Lynn Bo Bo/EPA

ဖေဖော်ဝါရီ ၁၈  

ခြိမ်းခြောက်မှုများနှင့်အကြမ်းဖက်မှုများ တစ်စတစ်စမြင့်တက်လာသည့်ကြားက မြန်မာပြည်သူများသည် ဆန္ဒပြမှုများနှင့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုများဖြင့် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုကို ဆက်လက်ဆန့်ကျင်လျက်ရှိသည်။ အရပ်ဘက်လူ့အဖွဲ့အစည်း၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ကုန်သွယ်ရေးသမဂ္ဂများနှင့် အခြားအဖွဲ့အစည်းများစွာသည် ကမ္ဘာတစ်လွှားရှိ အခြားအစိုးရများကဲ့သို့ပင် ပြည်သူများကို ထောက်ခံအားပေးလျက်ရှိသည်။ သို့သော် ယခုအရေးအခင်းတစ်လျှောက်တွင် အဓိကအားဖြင့် ပျောက်ဆုံးနေသည့် အသံတစ်သံရှိသည်။ ထိုအသံမှာ မြန်မာ့စီးပွားရေးလုပ်ငန်းအသိုက်အဝန်းမှ အသံပင်ဖြစ်သည်။  

မူအရနှင့်လက်တွေ့အကြောင်းပြချက်နှစ်ခုစလုံးအရ စီးပွားရေးလုပ်ငန်းများသည် အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုနှင့် ပရမ်းပတာအခြေအနေကို တိတ်တဆိတ်ကူညီထောက်ပံ့နေမှု ပြုလုပ်ခြင်းများကို ရှောင်ကြဉ်ရန် စစ်တပ်နှင့်ရဲတပ်ဖွဲ့အား တောင်းဆိုလျက် စက်မှုလုပ်ငန်းအဖွဲ့အစည်းများမှတစ်ဆင့် တက်ကြွသော နေရာမှ ပါဝင်ရန် လိုအပ်သည်။ ယခုအခါ မြန်မာ၏ပုဂ္ဂလိကကဏ္ဍသည် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း သိသိသာသာ တိုးတက်ပြောင်းလဲလာလျက် အဓိကစီးပွားရေးအင်အားဖြစ်နေသည်။ ပုဂ္ဂလိကကဏ္ဍသည် လက်ရှိအကျပ်အတည်းကို အရှိန်အဟုန်လျော့နည်းစေသည့် မျှော်လင့်ချက်တစ်စုံတစ်ရာဖြင့် ဩဇာညောင်းသော ဦးဆောင်သူ အနည်းငယ်အနက် တစ်ခုဖြစ်သည်။  

ရာစုနှစ်တစ်ခုအတွင်း  စီးပွားရေးတိုးတက်မှုအရှိဆုံး ဆယ်စုနှစ်အပြီးတွင် မြန်မာ့စစ်အာဏာသိမ်းမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။ စုစုပေါင်း ပြည်တွင်းထုတ်ကုန်သည် နှစ်ဆနီးပါးရှိနေပြီး ဆင်းရဲနွမ်းပါးမှုနှုန်းကလည်း ထက်ဝက်ကျဆင်းချိန်ဖြစ်သလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည်လည်း မြင့်တက်ခဲ့သည်။ အလုပ်အကိုင် တစ်သန်းကျော် ဖန်တီးနိုင်ထားပြီး အများစုက ထုတ်ကုန်လုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင်ဖြစ်သည်။ အရှေ့တောင်အာရှတွင် တခြားနိုင်ငံများထက် ဆယ်စုနှစ်များစွာ နောက်ကျကျန်ရစ်ပြီးနောက် မြန်မာနိုင်ငံသည် ထုတ်လုပ်နိုင်စွမ်းရှိပြီး နိုင်ငံတကာနှင့်ချိတ်ဆက်နေသော စီးပွားရေးနိုင်ငံတစ်ခုဖြစ်လာမည့်ဟန်ရှိခဲ့သည်။  

အာဏာသိမ်းမှုသည် ထိုတိုးတက်မှုကို ရုတ်ချည်း အခြေခံကျကျခြိမ်းခြောက်မှုပင်ဖြစ်သည်။ အထည်အလိပ်ကဲ့သို့သော အရေးကြီးပြီး လျင်မြန်စွာ တိုးတက်နေသာ ကဏ္ဍများရှိ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုသည် ဖြစ်တည်မှုဆိုင်ရာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။ နိုင်ငံတကာကုန်အမှတ်တံဆိပ်များအတွက် Made in Myanmar သည်  ယခုအခါ ဂုဏ်သိက္ခာဆိုင်ရာ ခြိမ်းခြောက်မှုအန္တရာယ် အသွင်ဆောင်နေသည်။ မြန်မာသည် ဥရောပသမဂ္ဂ၊ အမေရိကန်တို့နှင့် ဆက်စပ်သော ၎င်း၏ ဦးစားပေးကုန်သွယ်မှုဆိုင်ရာ အခွင့်ထူးများ ဆုံးရှုံးသွားနိုင်သည့် အလားအလာသည် ဤကဏ္ဍများကို ပိုမိုဆိုးကျိုးဖြစ်စေနိုင်ပေသည်။ ရင်းနှီးမြှုပ်နှံမှုအသစ်များမှာလည်း သိသိသာသာ ကျဆင်းသွားဖွယ်ရှိသည်။  

အာဏာသိမ်းမှုကြောင့် မြန်မာ့စီးပွားရေးသည် တရုတ်အပေါ် အလွန်အမင်း မှီခိုအားထားလာနိုင်သည့် အန္တရာယ်ကိုလည်း တိုးပွားစေသည်။ မြန်မာ့စီးပွားရေးအသိုက်အဝန်းများစွာအတွက် ဤအချက်သည် အဆိုးရွားဆုံး အနာဂတ်ဖြစ်နိုင်ခြေပင်ဖြစ်သည်။ တိုင်းပြည်၏ထုတ်လုပ်သူများသည် တရုတ်စွမ်းရည်နှင့် ယှဉ်ပြိုင်ရန် ရုန်းကန်နေရပြီးသားလည်းဖြစ်သည်။ အခြားနိုင်ငံအများစုထက် ကုန်ပစ္စည်းများအပေါ် ပျမ်းမျှဈေးနှုန်းပိုမိုနိမ့်ကျစွာရသော စိုက်ပျိုးရေးကုန်သည်များသည် ပို့ကုန်ဆိုင်ရာအခွင့်အရေးများ ပိုမိုနည်းလာပြီး ဝယ်သူတရုတ်များ ပေးသမျှ မည်သည့်ဈေးမဆို ယူရန် ဖိအားပေးခံလာရမည်ဖြစ်သည်။ ရလဒ်အနေဖြင့် စီးပွားရေးတိုးတက်မှု ဆိတ်သုဉ်းသွားပေလိမ့်မည်။  

မြန်မာသည် အဆိုပါလမ်းကို လျှောက်လှမ်းရန် ဦးတည်နေပြီလား။ အခါခပ်သိမ်းမမှန်ကန်နိုင်ပါ။ လက်ရှိအကျပ်အတည်းသည် ၁၉၈၈ နှင့် ၂၀၀၇ ခုနှစ်က ဖြစ်ပွားခဲ့သော လူထုအုံကြွမှုများနှင့် များစွာတူညီနေသော်လည်း နိုင်ငံ့စီးပွားရေးနှင့် ပုဂ္ဂလိကကဏ္ဍသည်  ပိုမိုကောင်းမွန်သော အနေအထားတွင်ရှိနေသည်။ 

ကိုဗစ်-၁၉ အခြေအနေကလွဲ၍ စီးပွားရေးသည် ကြုံတောင့်ကြုံခဲ အားကောင်းလာခဲ့သည်။ ၁၉၈၈ ခုနှစ် ဆန္ဒပြမှုများသည် စီးပွားရေးတိုးတက်မှုနှေးကွေးခြင်း၊ ငွေကြေးပြုပြင်ပြောင်းလဲမှုများ ပျက်စီးခြင်းနှင့် ကုန်ပစ္စည်းများ အကြီးအကျယ်ရှားပါးမှုနှင့် စပါးအထွက်ညံ့ဖျင်းခြင်းတို့ကြောင်း စတင်ခဲ့ခြင်းဖြစ်သည်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးသည်လည်း လောင်စာဆီဈေးနှုန်းများ သိသိသာသာတိုးလာခြင်း၏ တစ်စိတ်တစ်ပိုင်းကြောင့် ဖြစ်သည်။ ထိုဖြစ်ရပ်များနှင့်ဆန့်ကျင်လျက် ယခုအရေးအခင်းသည် စီးပွားရေးအားကောင်းပြီး ပုဂ္ဂလိကကဏ္ဍ တိုးတက်နေချိန်တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။  

အတိတ်ကအကျပ်အတည်းနှင့်မတူစွာ မြန်မာ့ပုဂ္ဂလိကကဏ္ဍသည် အစိုးရနှင့် သိသိသာသာအမှီအခိုကင်းသည့် အခြေအနေတွင်ရှိသည်။ ၁၉၈၈ ခုနှစ်က နိုင်ငံတော်သည် ထုတ်ကုန်ကဏ္ဍ၏ ၄၀% ခန့်ကို တိုက်ရိုက်ထိန်းချုပ်ထားပြီး ဘဏ်လုပ်ငန်းကဲ့သို့သော တချို့ဝန်ဆောင်မှုကဏ္ဍများကို အပြည့်အဝ ပိုင်ဆိုင်သည်။ ယခုအခါ စီးပွားရေးသည် အဓိကအားဖြင့် ပုဂ္ဂလိကပိုင်များဖြစ်သည်။ တစ်နိုင်ငံလုံးတွင် ကုမ္ပဏီပေါင်း ၇၀,၀၀၀ နီးပါးနှင့် ဒေသတွင်း မှတ်ပုံတင်ထားသော စီးပွားရေးလုပ်ငန်းပေါင်း ၂၀၀,၀၀၀ ကျော်နှင့် နှိုင်းယှဉ်လျှင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းအရေအတွက်သည် ၈၀၀ ခန့်သာရှိသည်။ နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှုအစုအဖွဲ့အရေအတွက်သည် ၂,၀၀၀ ခန့်ရှိပြီး ကိုလိုနီခေတ်နှောင်းပိုင်း သမိုင်းတွင် စံချိန်တင်မှတ်တမ်းပင်ဖြစ်သည်။  

မြန်မာ့ပုဂ္ဂလိကကဏ္ဍသည် ၎င်း၏စီးပွားရေးရှင်သန်ရပ်တည်နိုင်ရေးအတွက် အစိုးရအပေါ် မှီခိုမှု နည်းပါးသည်။ ပုဂ္ဂလိကကဏ္ဍကို စစ်တပ်ခရိုနီများနှင့် အလုပ်သမားအခွင့်အရေးချိုးဖောက်သူများက လွှမ်းမိုးသည်ဟု မကြာခဏ ဖော်ပြခံရလေ့ရှိသည်။ ထိုဝေဖန်မှုသည် တချို့သော စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်သော်လည်း ၎င်းကဏ္ဍသည် အမျိုးအစားများစွာ ကွဲပြားလာပြီး ကုမ္ပဏီများသည် ၎င်းတို့ရှင်သန်ရေးအတွက် ဝယ်ယူအားပေးသူကိုမဟုတ်ဘဲ ထုတ်လုပ်မှုအပေါ် တိုး၍ အားကိုးလာကြသည်။ ဈေးကွက်များသည်လည်း ယခုအခါ ကွဲပြားခြားနားစွာ လုပ်ဆောင်လာကြသည်။  

ဤအချက်သည် ပုဂ္ဂလိကကဏ္ဍအား အကျပ်အတည်းကို ဖြေရှင်းရာတွင် ဩဇာလွှမ်းမိုးမှုကို အသုံးပြုရန် မကြုံစဖူးသော အခွင့်အလမ်းကို ပေးသည်။ အနည်းဆုံးအနေဖြင့် ထိပ်တန်းစီးပွားရေးလုပ်ငန်းအဖွဲ့များသည် ငြိမ်းချမ်းရေးကို လိုလားသော ဆုံးဖြတ်ချက်အတွက် စုပေါင်းတောင်းဆိုသင့်သည်။ အနည်းဆုံး အဖွဲ့ငယ်နှစ်ခုက အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းခြင်း သို့မဟုတ် အာဏာသိမ်းမှု တရားမဝင်ကြောင်း ကြေညာခြင်းဖြင့် ရဲရဲရင့်ရင့် လှုပ်ရှားခဲ့ပြီးဖြစ်သည်။ တခြားသော အဖွဲ့အစည်းများကလည်း ၎င်းဥပမာအတိုင်း လိုက်လုပ်နိုင်ပေသည်။  

နိုင်ငံ့ပုဂ္ဂလိကကဏ္ဍသည် ဆက်လက်နှုတ်ဆိတ်နေမည်ဆိုပါက ကြံရာပါအဖြစ် ရှုမြင်ခံရမည့် အန္တရာယ်ရှိသည်။ တချို့သော စီးပွားရေးအသင်းအဖွဲ့များသည် အွန်လိုင်းပေါ်တွင် ဝေဖန်ခြင်းများခံနေကြရပြီး ထိပ်တန်းစီးပွားရေးလုပ်ငန်းများကို သပိတ်မှောက်ရန် တောင်းဆိုမှုများပင် ရှိနေသည်။ ပုဂ္ဂလိကဏ္ဍနှင့် ပူးတွဲလုပ်ဆောင်သော အလားအလာရှိသည့် စီးပွားရေးမိတ်ဖက်များနှင့် နိုင်ငံတကာအလှူရှင်များသည် မြန်မာ့စီးပွားရေးလုပ်ငန်းများနှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပါဝင်ပက်သက်မှုကို  မယူထိုက်သည့် ဂုဏ်သိက္ခာဆိုင်ရာ စွန့်စားမှုအဖြစ် ရှုမြင်နိုင်ပေသည်။ စီးပွားရေးသည် တရုတ်အပေါ် နောက်တစ်ကြိမ် အလွန်အမင်းမှီခိုအားထားရမည့် ဖြစ်နိုင်ခြေကို တိုးစေရုံသာရှိသည်။  

ငြိမ်းချမ်းရေးလိုလားသော ဆုံးဖြတ်ချက်ကို ထောက်ခံခြင်းဖြင့် မြန်မာနိုင်ငံ၏ပုဂ္ဂလိကကဏ္ဍသည် အရေးယူဒဏ်ခတ်မှုများ၏ဖြစ်နိုင်ခြေကို လျှော့ချရင်း ၎င်း၏လွတ်လပ်မှုကို ပြသကာ နိုင်ငံတကာနှင့်ဆက်နွယ်မှုကို ဆက်လက်ထိန်းသိမ်းနိုင်မည့် အခွင့်အလမ်းများကို မြှင့်တင်နိုင်မည်ဖြစ်သည်။ ရဲနှင့်စစ်တပ်အား အကြမ်းဖက်မှုများမှ ရှောင်ရှားရန် တောင်းဆိုခြင်းသည် စီးပွားရေးလုပ်ငန်းရှင်များနှင့် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံမှုဆိုင်ရာ စွန့်စားမှုကို ဖန်တီးရာတော့ရောက်သည်။ စုပေါင်းလုပ်ဆောင်မှုဖြင့် ဘေးကင်းလုံခြုံမှုတချို့ ရှိနိုင်သော်လည်း စစ်တပ်၏ စီးပွားရေးဆိုင်ရာ လက်တုံ့ပြန်မှုအလားအလာကိုလည်း မြင့်တက်စေသည်။ သို့သော်လည်း စီးပွားရေးအသိုက်အဝန်းနှင့် တိုင်းပြည်၏အနာဂတ်အလို့ငှာ ရဲတင်းပွင့်လင်းစွာ ပြောဆိုခြင်းသည် စွန့်စားရကျိုးနပ်သည့် အရဲစွန့်မှုပင်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly