ရန်ကုန်မှာ ဒုတိယမြောက်နေ့ ‘ကားပျက်ကမ်းပိန်း’ ဆက်လက်ဆင်နွှဲ

ရန်ကုန်မှာ ဒုတိယမြောက်နေ့ ‘ကားပျက်ကမ်းပိန်း’ ဆက်လက်ဆင်နွှဲ

မြန်မာနိုင်ငံရဲ့ အကြီးဆုံး ရန်ကုန်မြို့မှာ လုံခြုံရေးတပ်တွေရဲ့ လှုပ်ရှားမှုတွေကို ပိတ်ဆို့နိုင်ဖို့ ကားတွေ၊ ယာဉ်တွေ လမ်းပေါ်မှာ ထိုးပျက်ထားကြတဲ့ ‘ကားပျက်ကမ်ပိန်း’ကို ဒုတိယမြောက်နေ့အဖြစ် ဖေဖော်ဝါရီ ၁၈ ရက်မှာ ဆက်လက်ဆင်နွှဲပါတယ်။

“ခုလို ကားတွေပျက်ထားတဲ့ ကမ်းပိန်းလှုပ်ရှားမှုမှာ ကျွန်တော်တို့ ပါဝင်ရတာက အရပ်ဖက်အမိန့်အာဏာဖီဆန်မှု CDM လှုပ်ရှားမှုကို ပံ့ပိုးပေးချင်လို့ပါပဲ။”လို့ ဆန္ဒပြသူတစ်ဦးက ပြောပါတယ်။

ထရပ်ကားတွေ၊ မော်တော်ကားတွေနဲ့ ဆိုက်ကားတွေပါ မကျန် လမ်းပေါ် ထိုးရပ်ထားချိန်မှာ ဒေါ်အောင်ဆန်းစုကြည် NLD ပါတီရဲ့ အလံတွေ ကိုင်ဆောင်ထားကြတဲ့ ဆန္ဒပြသူ ချီတက်သူတွေဟာလည်း ‌အာဏာသိမ်းအစိုးရ ပြုတ်ကျရေး ကြွေးကြော်ကြပါတယ်။

အင်တာနက်ပိတ်ဆို့ပြီး စစ်တပ်အင်အား ဖြန့်ကြက်ထားတဲ့ကြားက နိုင်ငံတစ်ဝန်းက ဆန္ဒပြမှုတွေကို ချိုးနှိမ်နိုင်ရေးအတွက် အာဏာသိမ်းစစ်အုပ်စုက ဖိအားပေးနေချိန်မှာပဲ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ အစိုးရဝက်ဘ်ဆိုက်တွေကို ကြာသပတေးနေ့မှာ ဟက်ကာတွေက ပစ်မှတ်ထား တိုက်ခိုက်လာပါတယ်။

စစ်ဗိုလ်ချုပ်တွေက အခုလ အစောပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တာအပေါ် ကန့်ကွက်ဆန့်ကျင်မှုတွေ နိုင်ငံတစ်လွှားမှာ ပေါ်ပေါက်လာပြီး နောက်တစ်ရက်မှာပဲ အခု ဆိုင်ဘာတိုက်ခိုက်မှုတွေ ဖြစ်လာခဲ့တာပါ။

Myanmar Hackers လို့ခေါ်တဲ့ အုပ်စုက ဗဟိုဘဏ်၊ စစ်တပ်ရဲ့ ဝါဒဖြန့်ချိရေးစာမျက်နှာနဲ့ နိုင်ငံပိုင် MRTV ရုပ်သံ၊ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့နဲ့ အစားအစာနှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာနစတဲ့ ဝက်ဘ်ဆိုက်တွေကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“မြန်မာနိုင်ငံမှာ တရားမျှတမှုအတွက် ကျွန်တော်တို့ တိုက်ပွဲဝင်နေတယ်။”ဆိုပြီး အဲဒီ အုပ်စုက ၎င်းတို့ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ရေးသားပါတယ်။

“ဒီလို လုပ်တာဟာ အစိုးရဝက်ဘ်ဆိုက်တွေရှေ့မှာ လူပေါင်းများစွာ ဆန္ဒပြကန့်ကွက်တာနဲ့ အတူတူပါပဲ။”လို့ အဲဒီ ဟက်ကာအဖွဲ့က ရေးသားခဲ့ပါတယ်။

နိုင်ငံတွင်းမှာ အင်တာနက်ရရှိမှုဟာလည်း ကြာသပတေးနေ့ နံနက် ၁ နာရီမှာ ပြတ်တောက်မှု ထပ်ဖြစ်ခဲ့တယ်လို့ ကမ္ဘာတစ်လွှားက အင်တာနက်ဖိနှိပ်မှု စောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ ဗြိတိန်အခြေစိုက် NetBlocks က ဆိုပါတယ်။

အဲဒီအချိန်မှာ အင်တာနက်ဆက်သွယ်မှုဟာ မူရင်းအဆင့်ကနေ ၂၁ ရာခိုင်နှုန်းအထိ ထိုးကျသွားပြီး ရှစ်နာရီအကြာ နောက်တစ်နေ့ ရုံးလုပ်ငန်းတွေ ပြန်မစခင်မှ အင်တာနက်ပြန်လည်ရရှိတာပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly