မြန်မာ့အရေးအတွက် အာဆီယံနိုင်ငံခြားရေး၀န်ကြီးများအစည်းအဝေး ကျင်းပရန် ဘရူနိုင်း ထောက်ခံ

မြန်မာ့အရေးအတွက် အာဆီယံနိုင်ငံခြားရေး၀န်ကြီးများအစည်းအဝေး ကျင်းပရန် ဘရူနိုင်း ထောက်ခံ
Photo: EPA

ဖေဖေါ်၀ါရီ ၁၈

အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်‌ပေါ်နေသော မြန်မာနိုင်ငံ အခြေအနေနှင့်ပတ်သက်ပြီး အာဆီယံနိုင်ငံများ၏ အရေးကြီး အစည်းအ‌ဝေးတစ်ရပ် ခေါ်ယူကျင်းပရေး အိုင်ဒီယာကို ဘရူနိုင်းဘုရင် ဆူလ်တန် ဟာဆာနယ်လ်ဘိုကီးယားက ထောက်ခံသည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေး၀န်ကြီးက ဖေဖေါ်၀ါရီ ၁၇ ရက်တွင် ပြောခဲ့သည်။

အဖွဲ့၀င် ၁၀ နိုင်ငံပါ အာဆီယံအုပ်စု၏ နိုင်ငံခြားရေး၀န်ကြီးများအနေဖြင့် “မိသားစုတစ်ခုကဲ့သို့ အစည်းအဝေး ကျင်းပသင့်” သည်ဆိုပြီး အာဆီယံ လက်ရှိ ဥက္ကဋ္ဌအဖြစ် တာ၀န်ယူထားသည့် ဘရူနိုင်း ဘုရင် ဆူလ်တန်က ၎င်းအား ပြောခဲ့ကြောင်း အင်ဒိုနီးရှား နိုင်ငံခြား‌ရေး၀န်ကြီး ရက်တို မာဆူဒီက သတင်းထောက်များကို ပြောခဲ့သည်။

အင်ဒိုနီးရှား နိုင်ငံခြား‌ရေး၀န်ကြီး ရက်တို မာဆူဒီသည် ရေနံပေါကြွယ်၀သည့် ဘရူနိုင်းသို့ ရောက်ရှိနေစဥ်အတွင်း ဘရူနိုင်းဘုရင်က အထက်ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဘရူနိုင်းဘုရင် ဆူလ်တန်သည် ပြီးခဲ့သည့် ကြာသပတေးနေ့ကလည်း မြန်မာဘက်ခြမ်းနှင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံမှုတစ်ခု လုပ်ခဲ့သေးကြောင်း ရက်တိုက ပြောခဲ့သော်လည်း ယင်းတွေ့ဆုံမှုတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို သူမက ထုတ်ဖော်ခဲ့ခြင်း မရှိပေ။

မြန်မာနိုင်ငံတွင် ဖေဖေါ်၀ါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း ယခုလအစောပိုင်းက မလေးရှား၀န်ကြီးချုပ် မူယစ်ဒင် ယက်ဆင် ဂျကာတာသို့ သွားရောက်ခဲ့ချိန် အင်ဒိုနီးရှားသမ္မတ ဂျိုကို၀ီ ဒိုဒိုနှင့် ဆွေး‌နွေးခဲ့မှုများအတွင်း အာဆီယံ အထူးအစည်းအဝေး ခေါ်ယူရေးကိစ္စကို အင်ဒိုနီးရှားသမ္မတက အဆိုပြုခဲ့သည်။

ထို့နောက် အဆိုပါ အာဆီယံအထူးအစည်းအဝေးခေါ်ယူရေးကိစ္စကို အခြားသော အဖွဲ့၀င်နိုင်ငံများဖြစ်သည့် မြန်မာ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ထိုင်း၊ စင်္ကာပူနှင့် ဗီယက်နမ်တို့ထံ အသိပေးပြောပြရန်အတွက် အင်ဒိုနီးရှားနှင့် မလေးရှား ခေါင်းဆောင်များက ၎င်းတို့၏ နိုင်ငံခြားရေး၀န်ကြီးများကို တာ၀န်ပေးခဲ့သည်။

“မြန်မာနိုင်ငံက အခြေအနေနဲ့ပတ်သက်လို့ အင်ဒိုနီးရှား အပါအ၀င် နိုင်ငံအများအပြားက စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ထားခဲ့ကြပါတယ်၊ ဒါပေမယ့် စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်တာက သက်သက်ကိစ္စတစ်ခုပါ၊ ခုချိန်မှာ အဓိက မေးခွန်းတစ်ခု ဖြစ်လာတာက အင်ဒိုနီးရှား အပါအ၀င် အာဆီယံအနေနဲ့ မြန်မာနိုင်ငံကို လက်ရှိ ဒီအခြေအနေကနေ ရုန်းထွက်နိုင်အောင် ကူညီပေးဖို့ ဘာတွေ လုပ်နိုင်သလဲ ဆိုတာပဲ ဖြစ်ပါတယ်” ဟု သူမက ပြောခဲ့သည်။

ထို့ပြင် သူမသည် သြစတြေးလျ၊ ဗြိတိန်၊ အိန္ဒိယ၊ ဂျပန် နှင့် အမေရိကန် ကဲ့သို့ နိုင်ငံများမှ နိုင်ငံခြားရေး၀န်ကြီးများနှင့် ဖုန်းဆက် ပြောဆိုခဲ့ပြီးနောက် လက်ရှိ အခြေအနေအပေါ် ကိုင်တွယ်ရာတွင် အာဆီယံ၏ အခန်းကဏ္ဍကို နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း ကြိုဆိုသည်ဟု ပြောနိုင်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေး၀န်ကြီး ရက်တိုက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly