အမေရိကန်နှင့် ယူကေ အမျိုးသားလုံခြုံ‌ရေးအကြံပေးများ မြန်မာ့အရေး ဖုန်းဆက်ဆွေးနွေး

အမေရိကန်နှင့် ယူကေ အမျိုးသားလုံခြုံ‌ရေးအကြံပေးများ မြန်မာ့အရေး ဖုန်းဆက်ဆွေးနွေး
Photo: EPA

ဖေဖေါ်၀ါရီ ၁၈

အမေရိကန် အမျိုးသားလုံခြုံရေးအကြံ‌ပေး ဂျိတ် ဆူလီဗန်နှင့် ယူကေ အမျိုးသားလုံခြုံရေးအကြံပေး စတီဖန် လာ့ဂရုဗ်တို့သည် မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေနှင့်ပတ်သက်ပြီး ဖုန်းဆက် ဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော်၏ ထုတ်ပြန်ချက် တစ်ရပ်အရ သိရသည်။

အမေရိကန်နှင့် ယူကေ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်များ ဖုန်းဆက်ဆွေးနွေးရာတွင် မြန်မာနိုင်ငံအရေးကိစ္စအပြင် အာဖဂန်နစ္စတန်အရေး၊ တရုတ်၊ အီရန်နှင့်ပတ်သက်သည့် ကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

သောကြာနေ့တွင် ယူကေ ၀န်ကြီးချုပ် ‌ဘောရစ်ဂျွန်ဆင်သည် ဂျီ ၇ အုပ်စု ခေါင်းဆောင်များ၏ အွန်လိုင်း ထိပ်သီးအစည်းအဝေးတစ်ခုကို ဦးဆောင်ကျင်းပမည်ဖြစ်ရာ ထိုအစည်းအဝေး၌ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်လည်း ပါ၀င်တက်ရောက်မည် ဖြစ်သည်။

“အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ် ဆူလီဗန်ဟာ ဒီကနေ့မှာပဲ ယူကေ၀န်ကြီးချုပ်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေးအရာရှိသစ် စတီဖန် လာ့ဂရုဗ်နဲ့ ဖုန်းဆက် ဆွေးနွေးခဲ့ပါတယ်၊ အဲဒီလို ဆွေး‌နွေးရာမှာ ယူကေရဲ့ ဂျီ ၇ ဥက္ကဋ္ဌ တာ၀န်ယူမှုကို ထောက်ခံကြောင်းနဲ့ ယခုအပတ်ထဲ ဂျီ ၇ ခေါင်းဆောင်တွေရဲ့ အစည်းအဝေးကို ကြိုဆိုကြောင်း မစ္စတာ ဆူလီဗန်က ပြောခဲ့ပါတယ်၊ ပြီးတော့ မြန်မာ၊ အီရန်၊ အာဖဂန်နစ္စတန်နဲ့ တရုတ် အပါအ၀င် နိုင်ငံခြားရေးမူ၀ါဒ ဦးစားပေးကိစ္စတွေနဲ့ပတ်သက်ပြီး ဆက်လက် ညှိနှိုင်းဆောင်ရွက်သွားဖို့ လိုတယ်ဆိုတာကို သူတို့ သဘောတူခဲ့ကြပါတယ်”ဟု အိမ်ဖြူတော်၏ ဖေဖေါ်၀ါရီ ၁၇ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly