အီးယူက Moderna ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး သန်း ၃၀၀ ဝယ်ယူ

အီးယူက Moderna ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး သန်း ၃၀၀ ဝယ်ယူ
Photo: EPA

အမေရိကန်ကုမ္ပဏီ Moderna ကနေ ထုတ်လုပ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးပေါင်း သန်း ၃၀၀ ကို ထပ်ဆောင်းဝယ်ယူထားကြောင်း ဥရောပကော်မရှင် အကြီးအကဲ အမျိုးသမီးဖြစ်သူ အူဆူလာဗွန်ဒါလီယန်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ 

သတင်းကောင်းဖြစ်တယ်လို့ ဗွန်ဒါလီယန်က ပြောထားတဲ့ အခု ဝယ်ယူမှု သဘောတူညီချက်ကနေပြီး အီးယူရဲ့ ကာကွယ်ဆေး ရယူမှုကို ထပ်ပြီး ဖြည့်တင်းပေးမှာ ဖြစ်ပါတယ်။ အီးယူအနေနဲ့ စက်တင်ဘာလလယ် မကျော်လွန်ဘဲ အရွယ်ရောက်ပြီးသူရဲ့ ၇၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး ထိုးနှံပေးပြီးဖို့ ရည်မှန်းထားတာပါ။ 

လက်ရှိမှာ အီးယူက ခွင့်ပြုပေးထားတဲ့ ကာကွယ်သုံးမျိုးရဲ့ ဆေးပေါင်း ၂ ဒသမ ၆ သန်းကို ကော်မရှင်က ဝယ်ယူသိုလှောင်ထားပြီးဖြစ်ပြီး အခုနှစ်နဲ့ နောက်နှစ်တွေမှာ ထိုးနှံပေးမှာ ဖြစ်တယ်လို့ မီဒီယာရှင်းလင်းပွဲမှာ ဗွန်ဒါလီယန်က ဆိုပါတယ်။ 

အရေအတွက်အားဖြင့်ဆိုရင်တော့ အီးယူရဲ့ ကာကွယ်ဆေး ဝယ်ယူသိုလှောင်ထားမှုဟာ ဒေသတွင်း နေထိုင်သူပေါင်း သန်း ၄၅၀ အတွက် လုံလောက်တာထက် ပိုလျှံပြီး အဲဒီ ပိုလျှံတဲ့ ကာကွယ်ဆေးတွေကို အိမ်နီးချင်းနိုင်ငံတွေဆီ ဖြန့်ဖြူးပေးမယ်လို့ သူက ပြောပါတယ်။ 

အခုလို ကာကွယ်ဆေး အများအပြား ဝယ်ယူလက်ဝယ် ထားရှိရတဲ့ အခြား အကြောင်းပြချက်ကတော့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ သန္ဓေပြောင်းလဲမှု ဖြစ်နိုင်တာကို ထိန်းချုပ်နိုင်ရေးအတွက်လည်း ပါပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ ဗီဇကွဲဗိုင်းရပ်စ်တွေ ထွက်ပေါ်နေပြီး အချို့ ဗီဇကွဲတွေက လက်ရှိ ကာကွယ်ဆေးကို အနည်းအကျဉ်းမျှ ခုခံနိုင်စွမ်း ရှိနေပုံလည်း ရပါတယ်။ 

“သန္ဓေပြောင်းဗီဇကွဲပိုးတွေ ရှိလာခဲ့ရင် ထိရောက်တဲ့ ကာကွယ်ဆေးတွေနဲ့ တိုက်ဖျက်သွားဖို့ ကျွန်မတို့ အမြဲတမ်း မျက်ခြည်မပြတ် စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။”လို့ ဗွန်ဒါလီယန်က ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly