မြန်မာဟက်ကာအဖွဲ့က အစိုးရဝက်ဘ်ဆိုက်များကို တိုက်ခိုက်

မြန်မာဟက်ကာအဖွဲ့က အစိုးရဝက်ဘ်ဆိုက်များကို တိုက်ခိုက်

ဖေဖော်ဝါရီ ၁၈  

စစ်အာဏာပိုင်များက လေးညဆက်တိုက်အဖြစ် အင်တာနက်များ ဖြတ်တောက်ပြီးနောက် မြန်မာဟက်ကာအဖွဲ့သည် ကြာသပတေးနေ့တွင် ဆိုက်ဘာစစ်ပွဲအဖြစ် အစိုးရဝက်ဘ်ဆိုက်များကို တိုက်ခိုက်ခဲ့သည်။ 

မြန်မာဟက်ကာအဖွဲ့သည် ဗဟိုဘဏ်၊ စစ်တပ်၏ဝါဒဖြန့်စာမျက်နှာ၊ နိုင်ငံပိုင်ရုပ်သံ MRTV ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနများအပါအဝင် အစိုးရဝက်ဘ်ဆိုက်များစွာကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

ဟက်ကာအဖွဲ့က ၎င်းတို့ ဖေ့စ်ဘွတ်စာမျက်နှာတွင် “မြန်မာနိုင်ငံတွင် တရားမျှတမှုအတွက် ကျွန်ုပ်တို့ တိုက်ခိုက်နေသည်” ဟု ရေးသားဖော်ပြထားသည်။  

ဩစတြေးလျ RMIT တက္ကသိုလ်မှ ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူ Matt Warren က တိုက်ခိုက်ရခြင်း၏ရည်ရွယ်ချက်သည် သတင်းပြန်ကြားရေးပုဂ္ဂိုလ်များ၏ အာရုံစူးစိုက်မှုကို ရရှိစေရန်ဖြစ်နိုင်ကြောင်း ပြောသည်။ 

“သူတို့လုပ်ဆောင်နေတဲ့ တိုက်ခိုက်မှုပုံစံမျိုးက ဝက်ဘ်ဆိုက်တွေကို ဖျက်ဆီးတာ ဒါမှမဟုတ် ဝန်ဆောင်မှုတွေကို တိုက်ခိုက်တာမျိုးမဟုတ်ဘဲ ဒါကို Hacktivism လို့ခေါ်ပါတယ်။ အကျိုးသက်ရောက်မှုကတော့ အကန့်အသတ်ရှိမှာဖြစ်ပေမယ့် သတိပြုမိလာအောင် လုပ်နေတာဖြစ်တယ် ” ဟု Matt Warren  က AFP ကို ပြောသည်။  

ကြာသပတေးတွင်လည်း ဒေသစံတော်ချိန် မနက် ၁ နာရီမှ ၉ နာရီအထိ အင်တာနက်များ ဖြတ်တောက်ခံခဲ့ရပြီး အင်တာနက်ချိတ်ဆက်မှုသည် သာမန်အဆင့်ထက် ၂၁ % ကျဆင်းသွားကြောင်း ဗြိတိန်အခြေစိုက် အင်တာနက်စောင့်ကြည့်ရေးအဖွဲ့ NetBlocks က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly