မြန်မာ့အရေး ဖြေရှင်းနိုင်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများအား အင်ဒိုနီးရှား စည်းရုံး 

မြန်မာ့အရေး ဖြေရှင်းနိုင်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများအား အင်ဒိုနီးရှား စည်းရုံး 
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တိုမာဆူဒီ။ Photo: EPA

ဖေဖော်ဝါရီ ၁၇  

အင်ဒိုနီးရှားသည် မြန်မာ့စစ်အာဏာသိမ်းမှုအရေးဆွေးနွေးရန် ဒေသတွင်း နိုင်ငံခြားရေးဝန်ကြီးများနှင့် အစည်းအဝေးကျင်းပနိုင်ရေး အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်များနှင့် ဆွေးနွေးတိုင်ပင်လျက်ရှိသည်။ 

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တိုမာဆူဒီသည် ၎င်း၏ဒေသတွင်းခရီးစဉ်အတွင်း ပထမဆုံးရောက်ရှိသည့် ဘရူနိုင်း၌ လက်ရှိအာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဘုရင် ဆူလ်တန်ဟက်ဆာနယ်ဘိုကီးယားနှင့် ဖေဖော်ဝါရီ ၁၇ ရက်တွင် တွေ့ဆုံခဲ့သည်။  

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနှင့် မလေးရှားဝန်ကြီးချုပ် မူယစ်ဒင်ယက်ဆင်းတို့က မြန်မာကိစ္စအထူးအစည်းအဝေးကျင်းပနိုင်ရေး ဘရူနိုင်းကို ပြောကြရန် သက်ဆိုင်ရာနိုင်ငံခြားရေးဝန်ကြီးများကို အကြောင်းကြားသွားမည်ဟု သဘောတူညီပြီးနောက် ရက်တိုမာဆူဒီ၏ ခရီးစဉ် စတင်ခဲ့ခြင်းဖြစ်သည်။ 

စစ်အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံ၏အခြေအနေများကို စိုးရိမ်ပူပန်ကြောင်းကို အင်ဒိုနီးရှားအနေဖြင့် ထုတ်ဖော်ပြောကြားခဲ့သည်ဟု မာဆူဒီက ဘရူနိုင်း၌ပြုလုပ်သော အွန်လိုင်းသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ 

“အာဆီယံမိသားစုအနေနဲ့ အာဆီယံပဋိဉာဉ်စာတမ်းပါအချက်ကို လေးစားဖို့က အာဆီယံအဖွဲ့ဝင်တွေအားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။ အာဆီယံပဋိဉာဉ်စာတမ်းရဲ့ အပိုဒ် ၁ (၇) မှာ ဒီမိုကရေစီ ခိုင်မာအားကောင်းဖို့၊ ကောင်းမွန်တဲ့အုပ်ချုပ်မှုနဲ့ တရားဥပဒေစိုးမိုးရေးကို အားပေးမြှင့်တင်ဖို့နဲ့ လူအခွင့်အရေးနဲ့အခြေခံလွတ်လပ်ခွင့်တွေကို မြှင့်တင်ကာကွယ်ဖို့ ဆိုတဲ့အချက်တွေ ပါပါတယ်” ဟု မာဆူဒီက ပြောသည်။  

အင်ဒိုနီးရှားအနေဖြင့် မစွက်ဖက်ရေးဝါဒဆိုင်ရာ စည်းမျဉ်းများကို လက်ကိုင်ထားသွားမှာဖြစ်ပြီး အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံမှုနှင့် မြန်မာလူမျိုးများ၏ ဘေးကင်းလုံခြုံရေးနှင့် လူမှုဘဝဖူလုံရေးကို ဦးစားပေးသွားမည်ဖြစ်ကြောင်းနှင့် မြန်မာပြည်သူများအတွက် အကောင်းဆုံးဖြေရှင်းနည်းများကိုလည်း ရှာဖွေပေးသွားမည်ဟု မာဆူဒီက ဆိုသည်။  

လက်ရှိအခြေအနေကို ကျော်လွှားရန်အတွက် မြန်မာနိုင်ငံကို ကူညီရန် အာဆီယံယန္တရားသည် အသင့်လျော်ဆုံးနည်းလမ်းဖြစ်သည်ကို အင်ဒိုနီးရှားအနေဖြင့် ယုံကြည်ကြောင်းနှင့် တခြား အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့်လည်း ဆက်လက် ဆက်သွယ်သွားမည်ဖြစ်ကြောင်း မာဆူဒီက ထပ်လောင်းပြောကြားခဲ့သည်။ 

မာဆူဒီသည် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဗီဗီယန် ဘာလာခရစ်ရှ်နန်နှင့်လည်း ကြာသပတေးနေ့တွင် တွေ့ဆုံရန် စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly