တပ်ဖွဲ့များဖြန့်ကြက်ပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်း အကြီးမားဆုံး စုရုံးဆန္ဒပြမှုများဖြစ်

တပ်ဖွဲ့များဖြန့်ကြက်ပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်း အကြီးမားဆုံး စုရုံးဆန္ဒပြမှုများဖြစ်
Photo: EPA

ဖေဖော်ဝါရီ ၁၇  

မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အာဏာသိမ်းမှုဆန့်ကျင်သူများသည် ဗုဒ္ဓဟူးနေ့တွင် အကြီးမားဆုံးဆန္ဒပြမှုအဖြစ် လမ်းမများပေါ် အလုံးအရင်းနှင့် ပြန်လည်ထွက်ပေါ်လာခဲ့ကြပြီး  စစ်တပ်က အတိုက်အခံပြုမှုများကို နှိမ်နင်းရန် နိုင်ငံတစ်ဝန်း တပ်ဖွဲ့များ ဖြန့်ကြက်ပြီးနောက်ပိုင်း အကြီးမားဆုံး စုရုံးဆန္ဒပြမှုပင်ဖြစ်သည်။  

နိုင်ငံ့အကြီးဆုံးမြို့ ရန်ကုန်တွင် လှည့်လည်သွားလာနေသော လုံခြုံရေးတပ်ဖွဲ့များကို တားဆီးရန်အတွက် လမ်းများတွင် ကားများဖြင့် ပိတ်ဆို့ဆန္ဒပြခြင်းနှင့်အတူ လူထောင်ပေါင်းများစွာတို့သည် အဓိကဆုံရပ်နေရာများတွင် စုဝေးဆန္ဒပြခဲ့ကြသည်။  

နိုင်ငံတစ်ဝန်း ချီတက်ဆန္ဒပြမှုများနှင့် အစိုးရဝန်ထမ်းများအနေဖြင့် CDM လှုပ်ရှားမှုပြုလုပ်ကြရန် အားပေးမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် တော်လှန်မှုကိုချိုးနှိမ်မည့် တပ်ဖွဲ့များ၏ ကြိုးပမ်းအားထုတ်မှုများကို ဖီဆန်လျက် ဗုဒ္ဓဟူးနေ့တွင် အာဏာသိမ်းမှုဆန့်ကျင်သော လူစုဝေးပွဲကြီးများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ 

သီတင်းပတ်ကုန်က ရန်ကုန်တစ်လွှားတွင် တပ်ဖွဲ့များ ဖြန့်ကြက်ပြီးနောက်ပိုင်း ပြီးခဲ့သည့် နှစ်ရက်က ဆန္ဒပြမှုများ သိသိသာသာလျော့နည်းခဲ့သည်။ 

သို့သော် ယမန်နေ့ညက တတိယမြောက်ညအဖြစ် အင်တာနက်ပိတ်ဆို့မှုမပြုလုပ်ခင် နာရီပိုင်းအလို၌ လူမှုမီဒီယာပေါ်တွင် အင်အားအလုံးအရင်းဖြင့် ဆန္ဒပြကြရန် ဆော်ဩခဲ့ကြသည်။ 

ဝေးလံခေါင်သီသော ချင်းပြည်နယ်မှစ၍ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ ကမ်းခြေမြို့ ချောင်းသာအထိ နိုင်ငံတစ်ဝန်းတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။  

နေပြည်တော် ပျဉ်းမနားမြို့တွင်လည်း အင်ဂျင်နီယာများ၊ ဆရာဝန်များနှင့် ဆရာ/ဆရာမများအပါအဝင် ကဏ္ဍစုံမှ လူထောင်ပေါင်းများစွာသည် မြို့တစ်လျှောက် ချီတက်ဆန္ဒပြခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly