မြန်မာနိုင်ငံ၌ ဆန္ဒပြသူများအပေါ် အကြမ်းဖက်ခြင်းကို ကန့်ကွက်ကြောင်း တောင်ကိုရီးယား ပြော

မြန်မာနိုင်ငံ၌ ဆန္ဒပြသူများအပေါ် အကြမ်းဖက်ခြင်းကို ကန့်ကွက်ကြောင်း တောင်ကိုရီးယား ပြော
တောင်ကိုရီးယား နိုင်ငံခြားရေး၀န်ကြီးဌာနမှ ဒု၀န်ကြီး ချွိုင်ဂျုံကွန်း။ Photo: EPA

ဖေဖော်၀ါရီ ၁၇

တောင်ကိုရီးယား နိုင်ငံခြားရေး၀န်ကြီးဌာနမှ ဒု၀န်ကြီး ချွိုင်ဂျုံကွန်းသည် တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးသန့်စင်ကို ဖေဖော်၀ါရီ ၁၆ ရက်က ခေါ်ယူတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေး အခြေအနေအပေါ် အလွန် စိုးရိမ်ပူပန်ကြောင်းနှင့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် အကြမ်းဖက်ဖြိုခွင်းမှုနည်းလမ်း အသုံးပြုမှုကို ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

ထို့ပြင် စစ်အာဏာသိမ်းမှု၌ ထိန်းသိမ်းဖမ်းဆီးခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အခြားခေါင်းဆောင်များကို ချက်ချင်း ပြန်လွှတ်ပေးရေး တောင်ကိုရီးယား ဒုနိုင်ငံခြားရေး၀န်ကြီးက မြန်မာသံအမတ်နှင့် တွေ့ဆုံစဥ် တောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ကူးပြောင်းမှုကို တောင်ကိုရီးယားဘက်က အပြည့်အ၀ ထောက်ခံအားပေးခဲ့ကြောင်းနှင့် ဒီမိုကရေစီနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လက္ခဏာရပ်များကို ဥပဒေနှင့်ညီညွတ်သည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ငြိမ်းချမ်းသော နည်းလမ်းဖြင့် နဂိုအတိုင်း ပြန်လည်ထိန်းသိမ်းထားရှိရလိမ့်မည်ဖြစ်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဒု၀န်ကြီးက ပြောသည်။

ဆိုးလ် အနေဖြင့် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေကို ပြေလည်အောင် ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့်အတူ ပူးပေါင်းလုပ်ဆောင်သွားရန် အသင့်ရှိနေကြောင်း ချွိုင်က ပြောခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံတွင်းရှိ တောင်ကိုရီးယားနိုင်ငံသားများနှင့် ကုမ္ပဏီများ၏ ဘေးကင်းရေးအတွက် မြန်မာအာဏာပိုင်တို့၏ ပံ့ပိုးမှုကို ၎င်းက တောင်းခံခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly