မြန်မာပြည်၏ အဆုံးအဖြတ်နေ့ရက်များ

By ဒဲရစ်
17 February 2021
မြန်မာပြည်၏ အဆုံးအဖြတ်နေ့ရက်များ

မြန်မာပြည်က လူမျိုး၊ဘာသာ၊အလွှာစုံသော ပြည်သူလူထုတွေဟာ သူတို့ရဲ့အနာဂတ်နဲ့ တိုင်းပြည် အတွက် အကျပ်အတည်းဖြစ်နေတဲ့ အနေအထားကြားကနေ အာဏာဖီဆန်ရေး တိုက်ပွဲမှာ ရွပ်ရွပ်ချွံချွံ ပါဝင်နေကြတာကို တွေ့မြင်နေရပါတယ်။ ဖိအားပေးခံနေရပြီး စိတ်မလုံခြုံမှုခံစားနေရတဲ့ ပြည်သူလူထုဟာ ကောလဟာလတွေနဲ့အတူ စိတ်ဓါတ်ကျနိုင်ဖွယ်ရာအနေအထား ရှိနေတဲ့ ကြားကနေ လျှောက်နေတဲ့လမ်းကြောင်းမှ သွေဖီ မသွားပဲ ဆက်လက်ချီတက်နေတာ တွေ့ရတဲ့အတွက် ဘယ်လို အခင်းအကျင်းမျိုးတွေ ထပ်လာနိုင်မလဲဆိုတဲ့ ထင်မြင်မှုတွေ သုံးသပ်ရေးသားလိုက်ရပါတယ်။

အခင်းအကျင်းများ

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလအစောပိုင်းတွေကို ပြန်ပြီးကြည့်ကြတဲ့အခါ တပ်မတော်ဖက်ကနေ အာဏာသိမ်းမယ့် အရိပ်အယောင်တွေ တွေ့ခဲ့ကြပေမယ့် မလုပ်လောက်ပါဘူး ဆိုတဲ့အတွေးနဲ့‌ နေနေကြတဲ့ လူထုဟာ ဖေဖော်ဝါရီ၁ရက်နေ့ အာဏာသိမ်းမှုဖြစ်ချိန်မှာတော့ အငိုက်တချက်လောက်မိပြီး ကောလဟာလတွေနဲ့အတူ ၇၂နာရီစောင့်ရန်၊ ကုလကိုစောင့်ရန် စတာတွေနဲ့ အနည်းငယ် ဇဝေဇဝါဖြစ်ခဲ့ကြတာတွေ့ရပါတယ်။ သို့ပေမယ့် ၂ ရက်ခန့်အကြာ၊ အခင်းအကျင်းတခုလုံးကို ခြုံငုံမိတဲ့ အချိန်မှာတော့ ဘာလုပ်ရမယ် ဆိုတာ တိုင်ပင်စရာမလိုပဲ.. တန်ပြန် လှုပ်ရှားမှုတွေ စတင်လာကြတာကို တွေ့ခဲ့ရပါတယ်။ နို်ငငံရေးနယ်ပယ်က တက်ကြွလှုပ်ရှားသူတွေရဲ့ စေ့ဆော်မှုနဲ့ အတူ ဆေးပညာ လောကမှ ဆရာဝန်များကနေ Civil Disobedience Movement ရဲ့အစကနဦးဖြစ်တဲ့ ဖဲကြိုးနီ လှုပ်ရှားမှုကို စတင်ခဲ့ကြပါတယ်။ ဒါတွေနဲ့ တဆက်တည်းမှာပဲ ချက်ချင်း ဆိုသလို နယ်ပယ်အသီးသီးနဲ့ အလွာပေါင်းစုံက လူထုကြားမှာ သံပုံးတီးလှုပ်ရှားမှုတွေဟာ လူတိုင်းကို တက်ကြွသွားစေပြီး ရန်ကုန်လှည်းတန်း ဆန္ဒပြပွဲ အပြီးမှာတော့ လူထုအုံကြွမှုဟာ အာဏာ ဖီဆန်ရေး လှုပ်ရှားမှုအဖြစ်နဲ့ တပြည်လုံးသို့ ပျံ့နှံ့သွားပါတော့တယ်။ အဲဒီကနေစတင်တဲ့ လူထု လှုပ်ရှားမှုဟာ ခုတိုင် အားကောင်းမောင်းသန် (အတား အဆီးတွေ ရှိနေငြား) ချီတက်နေဆဲဆိုတာကို တွေ့ရပါတယ်။

စတင်ကတည်းက စိတ်ဓါတ်အပြည့်နဲ့ လမ်းပေါ်ထွက်လာကြတဲ့ လူငယ်များနဲ့ အလွှာစုံက ပြည်သူတွေဟာ ခုချိန်မှာ ပင်ပန်းနွမ်းနယ်မှုတွေရှိနေပေမယ့် အာဏာသိမ်းစစ်တပ်ကို ထောက်ခံသူများရဲ့ ဝါဒဖြန့်ပြောကြားမှုဖြစ်တဲ့ လူထုဟာ ကြာလာလျှင် အားလျော့သွားမယ်၊ စိတ်ဓာတ်ကျသွားမယ် ဆိုတဲ့ မမှန်သတင်းလွှင့်မှုတွေကိုတော့ ကောင်းကောင်းချေဖျက်သွားကြဖို့တာစူ နေကြတာကိုလဲ တွေ့နေရ ပါတယ်။ တကယ်လို့ လူထုလှုပ်ရှားမှု အရှိန်တန့်တာမျိုးဖြစ်လာခဲ့ရင်တောင် ဖြစ်နိုင်တာက လမ်းကောင်းကောင်းမှာ ဂီယာ ၁..၂..၃..ထိုးပြီး လူထု လှုပ်ရှားမှုအဖြစ်ထွက်လာရာကနေ.. ဂျိုင့်တွေများတဲ့.. အတားအဆီးတွေရှိတဲ့.. လမ်းမှာ..ဂီယာကြီးပြန်ချိန်းပြီး.. လူထုလှုပ်ရှားမှုတွေနဲ့ အတူ ဝန်ထမ်းတွေနဲ့ ပြည်သူတရပ်လုံးပါဝင်တဲ့ အထွေထွေသပိတ် (တနည်းအားဖြင့်) ပြည်လုံးကျွတ် CDM ပါဝင်မှုအဖြစ် အားသစ်ပြန်လောင်းကာ ထွက်လာမယ့် အခင်းအကျင်းမို့ နဲနဲတုံ့သွားသလိုထင်ရတာပါလို့ သုံးသပ် ရရင်မှားမယ် မထင်ပါဘူး။

အလှည့်အပြောင်း

တကယ်တော့ ဖေဖော်ဝါရီ လကုန်ရက်များအလွန်မှာ ရလဒ်ကောင်းတွေ ရဖို့ရန်အတွက် ယခုရက်သတ္တပတ်တွေဟာ အရေးကြီးပါတယ်။ ဒီအပတ်ထဲမှာ ဝန်ထမ်းတွေရဲ့ CDM ပိုမိုအားကောင်းလာဖို့၊ ချီတုံချတုံဖြစ်နေသေးတဲ့သူတွေကို အားပေးဖို့၊ ရုံးတွင်းဖိအား တွေကို ချေဖျက်ဖို့လုံလောက်တဲ့ အင်အားတွေရရန် လူထုလုပ်ရှားမှုတွေကို နည်းဗျူဟာအသစ်၊ ခွန်အား အသစ်နဲ့ ဆက်လက်ချီတက်ဖို့ရန် အားသစ်ပြန်လောင်းမှုတွေကို တိုင်ပင်မထားပါပဲ လုပ်ကြမယ်လို့ သုံးသပ်ရပါတယ်။ ဖိနှိပ်သူကတော့ အစွမ်းကုန်ဖိနှိပ်ဖို့ကြိုးစားပါမယ်။ ဒါပေမယ့် လူထုကတော့ သူတို့ဟာ ဖိအားနဲ့ အပူကြားမှာ လှပစွာအသွင်းပြောင်းမယ့် 'စိန်' ဖြစ်တယ်ဆိုတာ ပြကြမယ့် အခင်းအကျင်းလို့ သုံးသပ်မိပါတယ်။

မျှော်မှန်းချက်

ဆိုတော့က အတိုချုပ်ပြောရရင်.. ရှေ့လျှောက် ဖြစ်ပေါ်လာမယ့်အခင်းအကျင်းဟာ အောက်ပါအတိုင်း ဖြစ်လာနိုင်ချေရှိတယ်လို့ မြင်မိပါတယ်။ ပထမတဆင့်အနေနဲ့ လူထုလှုပ်ရှားမှုဟာ လမ်းခရီးအခြေအနေ လိုက်ပြီး အရှိန်မပြတ်ချီတက်လာရာကနေ ဒုတိယအဆင့်အနေနဲ့ ဝန်ထမ်းများရဲ့ တပြည်လုံး အတိုင်းအတာနဲ့ အာဏာဖီဆန် ရုံးမတက်ကြတဲ့ အနေအထားရောက်လာပြီး အဲဒီ အခင်းအကျင်း အပြီးမှာတော့ ပါတီအသီးသီးနဲ့ တိုင်းရင်းသားအဖွဲ့အစည်းများကနေ နိုင်ငံရေးအရဖိအား ပေးမယ့် အခင်းအကျင်း၊ တနည်းအားဖြင့် “လူထု + ဝန်ထမ်း + နိုင်ငံရေးဖိအား= အထွေထွေသပိတ်အောင်ပွဲ” ဆိုတဲ့ အနေအထား တခုဖြစ်ပေါ်လာမယ်လို့ သုံးသပ်မိပါတယ်။ ဒီမှာတခု သတိပြုရမှာကတော့ လူထုသပိတ်၊ ဝန်ထမ်းသပိတ်နဲ့ နိုင်ငံရေးဖိအားတွေဟာ တပြိုင်နက်ထဲဖြစ်ပေါ်နေမှာဖြစ်ပြီး တခုနဲ့တခုဟာ သီးခြား ဖြစ်ပေါ်နေမှာ မဟုတ်ပါဘူး။ အချိန်အခါပေါ်မူတည်ပြီး ဘယ်ဟာ ပိုတွန်းသင့်သလဲ ဆိုတာပဲ ကွာမှာဖြစ်ပြီး နိုင်ငံတကာဖိအားများနဲ့ပေါင်းစပ်ခါ အထွေထွေသပိတ်ကြီး ဖြစ်ပေါ်အပြီး မှာတော့ လူထုအောင်ပွဲအဖြစ် ပြောင်းလဲသွားမယ်လို့ ဆိုလိုရင်းဖြစ်ပါတယ်။

လုပ်ဆောင်ဖွယ်ရာများ

အထက်ပါ မျှော်မှန်းချက်တွေ လက်တွေ့မှာအမှန်ရလဒ်ဖြစ်လာဖို့ကတော့ သက်ဆိုင်သူများကနေ မိမိတို့ရဲ့ ကျရာ အခန်းကဏ္ဍကို တာဝန်ကျေအောင်ထမ်းဆောင်မှုနဲ့ အဓိက သက်ဆိုင်ပါမယ်။

ပထမအချက် အနေနဲ့ သပိတ်မှောက် ရဟန်း၊ရှင်လူ ပြည်သူအပေါင်းမှလဲ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြီး၊ ထိပ်တိုက်တွေခြင်းများရှောင်ကာ အာဏာဒေါက်တိုင်ဖြစ်တဲ့ (စုန်းပြူးများရှိနေနိုင်ပေမယ့်) လူထုဖက်ကို စိတ်ယိုင်နေပြီဖြစ်တဲ့ ပြည်သူ့ရဲများ၊ တပ်မတော်သားများကို လူထုဖက်ပြောင်းလာဖို့ရန် ဖိတ်ခေါ်ကြရပါမယ်။

ဒုတိယအချက် အနေနဲ့ ဝန်ထမ်းများမှလည်း မိမိတို့၏ ရာထူးနဲ့ ဝမ်းစာအရေးတခုထဲမကြည့်ပဲ တိုင်းပြည်ကောင်းစားရေးထောက်ထားကာ ဌာနအသီးသီးမှ ဝန်ထမ်းရာထူးအကြီးဆုံးမှအငယ်ဆုံးတိုင် ပြည်သူနှင့်အတူ ပူးပေါင်းကြဖို့၊ မပါဝင်နိုင်သေးသော သူများအားလဲ တရားသဖြင့် နားချကြဖို့ရန်လိုပါမယ်။

တတိယအချက် နဲ့နောက်ဆုံးအရေးပါတဲ့ အချက်ကတော့ လူထုအာဏာအပ်နှင်းခြင်းခံရသော အမတ်များ၊ ကိုယ်စားပြုကော်မတီများမှ အာဏာလေဟာနယ်အား အရယူရန် အတိတ်က အဖြစ်အပျက်များ ဆင်ခြင်ပြီး ပြင်ဆင်သင့်သည်များအား အမြန်ဆုံးပြင်ဆင်ထားပြီး တချိန်တည်းမှာ နိုင်ငံတကာ ဆက်ဆံမှုအပြင်၊ ပြည်တွင်းတို်ငးရင်းသားအဖွဲ့အစည်းအသီးသီးများနှင့် ချိတ်ဆက် နားလည်မှု ရယူကြရန် အရေးတကြီးလိုအပ်မည်ဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် အချိူ့ပြည်နယ် ဒေသတွေမှာ အာဏာသိမ်းတပ်မတော်မှ ကမ်းလှမ်းချက်များအား လက်မခံသည့် တိုင်းရင်းသား အဖွဲ့အစည်း များစွာ ရှိနေသည်ကို ထောက်ရှု၍ ပြောရခြင်းလဲဖြစ်ပါတယ်။

ယခုလိုမိမိတို့ ကျရာတာဝန်ကို အသီးသီးကနေ ကျေပွန်အောင်ထမ်းဆောင်ကြရင်ဖြင့် မြန်မာပြည်ရဲ့ အဆုံးအဖြတ်နေ့ရက်များကို ကျော်လွှားပြိး မျှော်မှန်းချက်များပြည့်မှီတဲ့နေ့ ရောက်ရမှာ မလွဲဧကန်ပါလို့ သုံးသပ်တင်ပြ ဆွေးနွေးရေးသားလိုက်ရပါတယ် ခင်ဗျား..။ ။

ဒဲရစ်

၁၆ ဖေဖော်ဝါရီ ၂၀၂၁

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly